မဲခေါင်၊ ဇူလိုင် ၂၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် ဒု ဥက္ကဌလည်းဖြစ်သူ ဦးထွန်းထွန်းဟိန်အပါ နိုင်ငံရေးအကျဥ်းသား (နိုင်/ကျဥ်း) ၂၀၀ ကျော်ကို တော်လှန်ရေးအင်အားစုတွေက ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ NUG ဒုအတွင်းဝန် ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက အသိပေးပြောကြားပါတယ်။
လားရှိုးထောင်ကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းပြီးနောက် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရာမှာ ဦးထွန်းထွန်းဟိန်လည်း လွတ်မြောက်လာတာ ဖြစ်ပါတယ်။
“ဆရာဦးထွန်းထွန်းဟိန်အပါနိုင်ကျဉ်း (၂၀၀) ကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လားရှိုးခရိုင်နဲ့တော်လှန်ရေး အင်အားစုများက ကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်” လို့ ဦးမောင်မောင်ဆွေက သူရဲ့ လူမှုကွန်ရက်စာမျက်နှာ (facebook) ကနေ အသိပေးထားပါတယ်။
ဦးထွန်းထွန်းဟိန်ဟာ စစ်တပ်အာဏာပိုင်းပြီးတည်းက ဖမ်းဆီးခံခဲ့ရတာြဖစ်ပြီး လားရှိုးထောင်မှာ ထောင်ဒဏ် ၃၃ နှစ် မတရားချမှတ်ခံထားရတာပါ။
လားရှိုးထောင်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပြီး ထောင်တွင်းမှာရှိတဲ့ လွတ်ရက်နီး အကျဥ်းသားတွေကိုသာ စိစစ်လွတ်ပေးနေတယ်လို့ ဒေသတွင်းသတင်းမီဒီယာ ရွှေဖီမြေမှာ ဖော်ပြပါတယ်။
လားရှိုးထောင်အခြေအနေကို မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းနေပေမယ့် ဆက်သွယ်ရေးအခက်အခဲတွေကြောင့် အသေးစိတ်ကို မသိရှိရသေးပါ။
လားရှိုးမြို့ကို MNDAA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပြီး မြို့တွင်းမှာ ကိုးကန့်တပ်တွေ ကင်းလှည့်တဲ့ ရုပ်သံဖိုင်ကို ဒီနေ့မှာ MNDAA က ထုတ်ပြန်ထားပါတယ်။








