မဲခေါင်၊ ဇူလိုင် ၂၉
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဖောက်ထွင်းခိုးယူနေသူ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေကို ကိုးကန့် MNDAA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး ပညာပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၉ ရက် လားရှိုးမြို့ ၊ ၇ ရပ်ကွက်က အိမ်တအိမ်ကို အုပ်စုလိုက် ဝင်ခိုးသူ ၁ဦးကို ရပ်ကွက်သူ ရပ်ကွက်သားတွေက ဖမ်းဆီးရမိခဲ့တာမှာ စစ်မေးချက်အရ အုပ်စုလိုက် ဖောက်ထွင်းခိုးနေကြပြီး ဆိုင်ကယ်တွေဆို ဘီးတွေဖြုတ်ထားတယ်လို့ သိရပါတယ်။
“သူ့အိမ်မှာ ဆိုင်ကယ် ဘယ်နှစီးတောင်လဲ၊ အများကြီးပဲ၊ ခုစစ်နေတာ ကျန်သူတွေကိုပါ ပြောဖို့ ၊ သူတို့က ဟိုနေ့က မေးသေးတယ်။ စစ်ဘေးမရှောင်ဘူးလား ၊ ဘယ်မှာနေသလဲ၊ ဖုန်းနံပါတ်ပေးထားပါ၊ လိုအပ်တာ ကူညီလို့ရတာပေါ့ ဘာညာ ပြောသေးတယ်၊ သူ့ကို သူများက မြှောက်ပေးတယ်တဲ့၊ အဲကောင်တွေ အကုန်သိအောင်စစ်နေတယ်” လို့ ရုပ်သံမှာ အိမ်ရှင်အမျိုးသမီးကပြောတာ တွေ့ရပါတယ်။
အခြား ဖောက်ထွင်းခိုးယူခံရသူတွေကလဲ လူမှုကွန်ရက်ပေါ်မှာ ဆုံးရှုံးမှုတွေကို ဖော်ပြနေတာတွေရှိပြီး ယင်း ရပ်ကွက်-၇ က စတိုးဆိုင် ကိုဖောက်ထွင်းခိုးယူနေတဲ့ သူတွေကိုလည်း MNDAA တပ်ဖွဲ့က တားဆီးပြီး ပညာပေး မောင်းထုတ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
မနေ့ဇူလိုင်လ ၂၈ ရက် ညနေ ၅ နာရီခန့်က ရပ်ကွက်-၇ ထဲမှာ ပစ္စည်းတွေသယ်လာသူတွေကို လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးလို့ ၁၄ လမ်းက နေအိမ်တံခါးကို ရိုက်ချိုးပြီး ဖောက်ထွင်းခိုးယူလာတဲ့သူတွေလို့ သိရပါတယ်။
ဖမ်းဆီးရမိသူ အယောက် ၃၀ ခန့်ကို သူတို့ယူလာတဲ့ ပစ္စည်းတွေကို ခိုးလာတဲ့ အိမ်ထဲ ပြန်ပို့ခိုင်းခဲ့ကြောင်းနဲ့ ခိုးယူလုယက်မှုကို ပြတ်ပြတ်သားသား တားမြစ်ထားတယ်လို့ ပညာပေးပြီး နောက်ထပ်တွေ့ပါက ပြင်းထန်စွာအရေးယူမယ်လို့ပြောခဲ့သလို စားနပ်ရိက္ခာလိုအပ်ပါက MNDAA နဲ့ မဟာမိတ်တွေထံ အကူအညီတောင်းခံပါက ကူညီဖြေရှင်းပေးမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
လက်ရှိမှာ လားရှိုးမြို့နယ် အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်မယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
MK-012










