မဲခေါင်၊ ဇူလိုင် ၂၆
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ရဲ့ မြို့စွန်ရပ်ကွက်တွေမှာ တည်ဆောက်ထားတဲ့ နေအိမ်တချို့နဲ့ မြေကွက်တွေကို စစ်ကောင်စီတပ်က ဗျူဟာကုန်းတည်ဆောက်ဖို့ သိမ်းဆည်းသွားမယ်လို့ Non-CDM ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဲဒီအိမ်ခြံမြေတွေဟာ သစ်တောမြေတွေဖြစ်တဲ့အပြင် စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပအိုဝ်းအမျိုးသား (PNO) အရာရှိပိုင်းတွေက ပွဲစားနဲ့ ပူးပေါင်းကြံစည်ပြီး အကွက်ရိုက် ရောင်းချခဲ့တာလို့ ဆိုပါတယ်။
“ကရင်မရေထွက်အောက်က အကွက်တွေကို ဘုရားဖြူရပ်ကွက်ထဲ ပါတယ်ဆိုပြီး သိန်း ၂၀၊ ၃၀ နဲ့ ပွဲစားတွေ ဂျင်းထည့် ရောင်းခဲ့တာ။ ပွဲစားတွေတာ့ ငွေနဲ့ ညှိပေးမယ် ပြောတယ်။ ဒါပေမယ့် မန္တလေးဘက်မှာတောင် တိုက်ကြီး၊ အိမ်ကောင်းတွေက ညှိ့လို့မရတာ မထင်ပါဘူး” လို့ အိမ်ခြံမြေ လောကနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
စဝ်စံထွန်း၊ ရတနာသီရိ၊ ချမ်းမြသာစည်၊ ရွှေတောင်၊ စိန်ပန်း၊ ညောင်ဖြူစခန်း စတဲ့ရပ်ကွက်တွေနဲ့ ကရင်မရေထွက်ရဲ့ အောက်ဘက်ပိုင်းအိမ်တွေ ပါဝင်ပြီး မြေကွက်ပိုင်ရှင်တွေဘက်က အသနားခံစာ တင်ထားပေမယ့် PNO အရာရှိ ညောင်ဖြူစခန်း အုပ်ချုပ်ရေးမှူး ခွန်ကျော်ဆန်းနဲ့ နယ်မြေမှူးတွေက စစ်ကောင်စီနဲ့ ညှိနှိုင်းရန်အတွက် ငွေကျပ် ၂ သိန်း ထပ်မံတောင်းခံနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၁ နောက်ပိုင်းမှ ရောင်းချထားတဲ့ ကျောင်းစုရပ်ကွက် အစွန်ဘက်က မြေကွက်တွေကိုလည်း ကျူးကျော်နယ်မြေ အဖြစ်သတ်မှတ်ပြီး သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။
“တချို့က ကျူးကျော်ဆိုတာ မှန်တယ်။ ဒါပေမယ့် တချို့နေတာ နှစ် ၃၀ ကျော်ပြီ။ ဂရမ်မရှိပေမယ့် ၁၀၅ ပေါက်ထားတယ်။ ဂရမ်မရှိလို့ သိမ်းမယ်ဆိုရင်တော့ မြို့လယ်ခေါင်က အိမ်တွေပါပါမှာ။ တောင်ကြီးမှာ ၃ ပုံ ၂ ပုံလောက်က ဂရမ်မရှိဘူး” လို့ စာပို့ခံရသူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက အဲဒီနေအိမ်တွေ ဖျက်သိမ်းပေးဖို့အတွက် ဇူလိုင်လ ၁၅ ရက်နေ့မှာ တစ်ကြိမ်၊ ၂၅ ရက်နေ့မှာ တစ်ကြိမ် စာပေးပို့ထားပြီး လာမယ့် ဩဂုတ်လအတွင်း ဗျူဟာကုန်း စတင် ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။
တောင်ကြီးမြို့မှာ ဗျူဟာကုန်းကို ၂ ဆင့် ဆောက်လုပ်သွားမှာ ဖြစ်ပြီး ပထမတတစ်ဆင့်ကို တောင်ကြီးဟိုတယ်နဲ့ ဒုတိယတစ်ဆင့်ကိုတော့ အထက်ပါ ရပ်ကွက်တွေရဲ့ တောင်ကမ်းပါးနေရာတွေမှာ ဆောက်လုပ်သွားမယ်လို့ စာပို့ခံရတဲ့ နေအိမ်ပိုင်ရှင်တွေက ပြောပါတယ်။
MK-014








