မဲခေါင်၊ ဇူလိုင် ၁၈
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ကယား (ကရင်နီ)ပြည်၊ လွိုင်ကော်မြို့ ယဥ်ကျေးမှုပြတိုက်အတွင်းမှာရှိတဲ့ ကရင်နီရိုးရာ ရှေးဟောင်းယဥ်ကျေးမှုပစ္စည်းတွေကို အရေးပေါ်ရွှေ့ပြောင်းထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်လာပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပြည်သူအိုးအိမ်၊ ပြည်သူပိုင်အဆောက်အဦးတွေနဲ့ ဘာသာရေးအဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးခဲ့ရတာပါ။


ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ သူတို့ရဲ့လက်ပါးစေ လာဘ်ပေးထားသူတွေရဲ့ ဖောက်ထွင်းခိုးယူမှုတွေကြောင့် ပြည်သူပိုင်ပစ္စည်းတွေ ပျောက်ဆုံးပျက်စီးမှုတွေလည်း ရှိခဲ့တာပဲ ဖြစ်ပါတယ်။
“ပျောက်ဆုံးမှုကို ကင်းလွတ်ဖို့ရယ်၊ စစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ ပစ်ခတ်မှုတွေကနေ မပျက်စီးရအောင် စနစ်တကျ ထိန်းသိမ်းထားတယ်ဆိုတာ ကျနော်တို့အနေနဲ့ ပြည်သူလူထုကို အသိပေးတာဖြစ်တယ်” လို့ IEC အတွင်းရေးမှူး ဦးဗညားက သတင်းမီဒီယာတွေကိုဖြေကြားထားပါတယ်။
၁၁၁၁ ကာလအတွင်း စစ်ကောင်စီရဲ့ အဆင်အခြင်မဲ့တဲ့ လုပ်ရပ်တွေကြောင့် လွိုင်ကော်မြို့ယဥ်ကျေးမှုပြတိုက် အတွင်းမှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ ကရင်နီရိုးရာ ရှေးဟောင်းယဥ်ကျေးမှုပစ္စည်းတွေ ပျောက်ပျက်ဆုံးရှုံးရမဲ့အရေးနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့အတွက်ကြောင့် ပြတိုက်အတွင်းမှာရှိတဲ့ ရိုးရာအသုံးအဆောင်၊ ရိုးရာတူရိယာ၊ ရိုးရာလက်နက် ကိရိယာ၊ ရိုးရာ အဆင်တန်ဆာပစ္စည်း၊ ဖားစည် စတာတွေကို မပျောက်ပျက်ရအောင် လုံခြုံစိတ်ချရတဲ့နေရာကို အရေးပေါ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သမိုင်းအစဥ်အဆက် ကရင်နီနယ်တွေကို အုပ်ချုပ်ခဲ့ကြတဲ့ စော်ဘွားတွေနဲ့ ကရင်နီလူမျိုးစု၊ မျိုးနွယ်စုတွေ မြတ်နိုးတန်ဖိုးထားခဲ့ကြတဲ့ ဘိုးဘွားပိုင်ကရင်နီရိုးရာရှေးဟောင်းယဥ်ကျေးမှုပစ္စည်းတွေကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ဖို့ဟာ ကရင်နီလူမျိုးစု၊ မျိုးနွယ်စုတွေနဲ့ ကရင်နီပြည် ပြည်သူပြည်သားတွေအားလုံးမှာ အပြည့်အဝတာဝန်ရှိတယ်လို့လည်း IEC က ထုတ်ပြန်ထားပါတယ်။
MK-015









