မဲခေါင်၊ ဇူလိုင် ၁၆
ထိုင်း-တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းသစ် ဖေါ်ဆောင်ဖို့ တာချီလိတ်ကို ဇူလိုင် ၁၄ ရက်နေ့က စစ်ကောင်စီရဲ့ စီးပွား/ကူးသန်းဝန်ကြီးနဲ့ အဖွဲ့ရောက်ရှိနေတယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။
ရှမ်းမြောက်က တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအားလုံးနီးပါး တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့အတွက် စစ်ကောင်စီရဲ့ ကုန်သွယ်မှုကျဆင်းနေတာကြောင့် လမ်းကြောင်းအသစ်ဖွင့်လှစ်နိုင်ဖို့ စီးပွား/ကူးသန်းဝန်ကြီးဌာနက ကြိုးစားနေတာလို့ ကုန်သည်အသိုင်းအဝိုင်းက ပြောပါတယ်။
လက်ရှိ အထူးဒေသ ၄ မိုင်းလား ဧရိယာကတဆင့် တရုတ်နဲ့ ကုန်သွယ်နေတာမှာ အထူး ၄ အဖွဲ့ကို အခွန်ပေးဆောင်ရတဲ့အတွက် မိုင်းယန်းမြို့နယ်အတွင်းက တရုတ်နဲ့ တိုက်ရိုက်ထိစပ်တဲ့လမ်းကြောင်းက ကုန်သွယ်ဖို့ စစ်ကောင်စီက ကြိုးစားနေတာလို့ သိရပါတယ်။
“ပြီးခဲ့တဲ့လကတည်းက ထိုင်း-တရုတ်-မြန်မာ ကုန်သည်တွေကို လမ်းကြောင်းအသစ်ဖေါ်ဖို့ ဆာဗေးကောက်တာတွေရှိတယ်။ မိုင်းယန်းကတဆင့် ကျိုင်းတုံ၊ တောင်ကြီး ကုန်သွယ်ဖို့ အဓိက တရုတ်နဲ့ တိုက်ရိုက်ကုန်သွယ်နိုင်ဖို့ လုပ်တာပါဘဲ”လို့ ကုန်သည်တစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်၊
အခုရက်ပိုင်း စစ်ကောင်စီရဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ အဆက်မပြတ် တာချီလိတ်ကို လာရောက်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်လဲ တာချီလိတ်ကိုရောက်ရှိလာပါသေးတယ်။
စစ်ကောင်စီအနေနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ၉၀ ရာခိုင်နှုန်းနီးပါး တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့အတွက် လစဉ် အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါး စစ်ကောင်စီက ဆုံးရှုံးနေတယ်လို့ ISP – Myanmar ရဲ့ ဖေါ်ပြချက်အရသိရပါတယ်။
MK-002








