မဲခေါင်၊ ဇူလိုင် ၁၆
ရှမ်းမြောက်၊ လားရှိုးမြို့မှာ ယနေ့ ဇူလိုင်လ ၁၆ ရက် မနက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ လားရှိုးမြို့ရဲ့ အချို့ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ရေကြီးရေလျှံဖြစ်တဲ့ လားရှိုးမြို့ပေါ်က ရပ်ကွက်-၁၊ နယ်မြေ-၇၊ ရပ်ကွက်-၉ နဲ့ ရပ်ကွက်-၁၀ က နေခြည်၊ နမ့်ပါးချီး၊ နမ့်မခေါ်၊ ပါရမီ၊ နမ့်ခိုက် နေရာတွေမှာ ရေကြီးပြီး အိမ်တွေထဲ ရေနဲ့ ရွှံနွံတွေ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ရေကတော့ မိုးရွာရင်ကြီးနေကြလေ၊ မိုးများတိုင်းဖြစ်နေကြ၊ ချောင်းတွေ တိမ်လာနေပြီး ရေစီးရေလာမကောင်းလို့ ဖြစ်နေတာ၊ အနိမ့်ပိုင်းတွေ ပိုဆိုး၊ ရေကတော့ ပြန်ကျပေမယ့် ပါလာတဲ့ ရွှံ့နွံနဲ့ အမှိုက်သရိုက်တွေက တိုက်ပွဲဖြစ်နေတဲ့ကြားမှာ ရှင်းရတာ”လို့ လားရှိုး ရပ်ကွက်-၁ဒေသခံ ၁ ဦးက ပြောပါတယ်။
လက်ရှိမှာ လားရှိုးမြို့ပေါ်အတွင်း ပစ်ခတ်သံများကြားနေရသလို လားရှိုးရဲ့အနောက်တောင်ဘက် ခါးလျှီ၊ ကောင်းခါး၊ ကောင်းမူ၊ နမ့်ကျန်၊နတ်ရေကန်တွေဘက်မှာ ကိုးကန့်တပ်တွေလှုပ်ရှားနေတယ်လို့ သိရပါတယ်။
မနေ့ ည ၈ နာရီခန့်ကမူ စစ်ကောင်စီတပ်က လေကြောင်းကနေ ခမရ-၅၀၇ နဲ့ လွယ်ပြေတောင်ကြောဘက်ကို ဗုံး၂ ကြိမ်ကြဲချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
MK-012











