မဲခေါင်၊ ဇူလိုင် ၁၅
ရှမ်းအရှေ့ ကျိုင်းတုံ-တာချီလိတ်လမ်းမှာ ကုန်တင်ကားနဲ့ အိမ်စီးကားတိုက်ရာမှာ အိမ်စီးကား မီးလောင်ပြီး မိသားစုအားလုံးသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဇူလိုင် ၁၅ ရက် ၊ မနက် ၈ နာရီခန့်မှာ ကျိုင်းတုံက တာချီလိတ်ဘက်သွား ကားလမ်း ပန်ကွဲတောင်ထိပ်မရောက်မီ ပန်လော့ကျေးရွာအနီးမှာ ၁၀ ဘီး ကုန်တင်ကား ၁ စီးနဲ့ အိမ်စီးကား ၁ စီးတို့ တိုက်မိပြီး အိမ်စီးကားမီးလောင်လို့ ယာဉ်ပေါ်ပါ မိသားစုလို့ယူဆရတဲ့ ကျား ၄ ဦး မ ၂ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
“မိသားစုလို့ထင်ရတယ်၊ အားလုံးမီးလောင်ထားလို့ ကျား၊ မ ဘဲ ခွဲနိုင်တော့တယ်။ ကလေးငယ် ၂ ဦးလဲ ပါတယ်”လို့ အခင်းဖြစ်ရပ်အနီး ဖြတ်သန်းသွားတဲ့ ယာဉ်မောင်း ၁ ဦးက မဲခေါင်ကို ပြောပါတယ်။
၁၀ ဘီးကားက ပန်ကွဲတောင်အဆင်းရှည်မှာ ဘရိတ်ပေါက်ပြီး ပရိုဘောက်ကို တက်ကြိတ်ပြီး တိမ်းမှောက်တာလို့ ကျိုင်းတုံ ဒေသခံ ၁ဦးက မဲခေါင်ကို ပြောပါတယ်။
အိမ်စီးကားမိသားစုက ဗုဒ္ဓဥယျာဥ်ကို ကျိုင်းတုံကအသွား ယခုလိုကားတိုက်ခံရပြီး မီးလောင်တာလို့သိရပါတယ်။
အိမ်စီးကားနဲ့တိုက်တဲ့ ကုန်တင်ယာဉ်က ဒရိုင်ဘာနဲ့ စပယ်ယာတို့လည်း ထိခိုက်ဒဏ်ရာတွေရထားလို့ ကျိုင်းတုံဆေးရုံကို ပို့ဆောင်နေတယ်လို့ သိရပါတယ်။
အခင်းဖြစ်ရာကို မီးသတ်၊ ပြည်နယ်ကြက်ခြေနီနဲ့ တိုင်းနေ ပရဟိတအသင်းတွေနဲ့ ပန်လော့ရွာက ဒေသခံတွေ ကူညီဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
MK-012












