မဲခေါင်၊ ဇူလိုင် ၄
ရှမ်းအရှေ့၊ တာချီလိတ်မြို့က ရပ်ကွက်အချို့မှာ ယနေ့ဇူလိုင်လ ၄ ရက် မနက်ပိုင်းမှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့ရဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ တာလော့၊ မယ်ခေါင်၊ ဆန်ဆိုင်း(က)၊ (ခ)၊ ပုန်းထွန်၊ မကာဟိုခမ်း၊ မကာဟိုခမ်း ရပ်ကွက်တွေမှာ ယနေ့ မနက် ၆း၁၅ နောက်ပို်င်းရေတက်လာတာဖြစ်ပြီး ၁၀ နာရီကျော်မှာတော့ ရေပြန်ကျနေပြီလို့သိရပါတယ်။
မနေ့ဇူလိုင်လ ၃ ရက် ညနေပိုင်းက တညလုံးရွာတဲ့မိုးကြောင့် တာချီလိတ်ရပ်ကွက် ၁၁ ခုအနက် အနိမ့်ပိုင်းကျတဲ့ ရပ်ကွက် ၇ ခုမှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“မနက် စျေးသွားတုန်းက မကြီးသေးဘူး၊ ပြန်လာတော့ အိမ်ရှေ့ရေရောက်နေပြီ၊ ဒူးလောက်ရှိတယ်၊ ခုတော့ ပြန်ကျနေပြီ”လို့ ဆန်ဆိုင်း(ခ)ရပ်ကွက်သူ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
တောင်ခြေလွင်ပြင် အမျိုးအစားဖြစ်တဲ့ တာချီလိတ်မြို့ရဲ့ မြေပြင်အမျိုးအစားရ တာချီလိတ်မြို့ဟာနှစ်စဉ်လိုလို ရေကြီးရေလှံမှုဖြစ်ပွားတတ်သလို မိုင်းဆတ်မြို့နယ်မှာ မြစ်ဖျားခံလာတဲ့ မယ်ဆိုင်ချောင်း၊ မိုင်းဖြတ်မြို့နယ်မှာ မြစ်ဖျားခံလာတဲ့ မယ်ဟုတ်ချောင်း၊ လွယ်တော်ခမ်း ဖလဲတောင်ချေမှာမြစ်ဖျားခံလာတဲ့ မယ်ခေါင်းချောင်းတွေဟာ တောင်ကျချောင်းတွေဖြစ်တာကြောင့် မိုးသည်းကာ ဆက်တိုက်ရွာသွန်းပါက တာချီလိတ်မြို့ရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေ မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားတတ်ပြီး ပြည်သူတွေရဲ့ အိုးအိမ်၊ စျေးဆိုင်တွေ၊ လမ်းတွေကို ရွှံ့နွံတွေဖုံးလွှမ်းတတ်ခြင်းကြောင့် ဒေသခံတွေအမြဲတမ်း စိုးရိမ်နေရတယ်လို့ သိရပါတယ်။
MK-012









