မဲခေါင် ဇွန် ၂၅
တာချီလိတ်မှာ ဖမ်းမိတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသားတွေကို စစ်တပ်နဲ့ ရဲက ငွေလိမ်လုပ်ငန်းမှာ ပြန်အသုံးပြုဖို့ ပြန်ရောင်းစားနေတာတွေရှိတယ်လို့ သိရပါတယ်။
ငွေလိမ်ဂိုဏ်းက ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေကို အမှန်ဖမ်းမိတဲ့ ဦးရေထက် လျော့ပြပြီး ငွေလိမ်ဂိုဏ်းတွေကို ဘတ်ငွေ ၈ သိန်းကနေ ၁၀ သိန်းအထိ ကျွမ်းကျင်မှုပေါ်မှုတည်ပြီး ပြန်ရောင်းစားနေတာပါ။
အရောင်းစားခံရတဲ့သူတွေထဲက တရုတ်နိုင်ငံသားတွေဟာ ဈေးကောင်းပိုမိုရရှိပြီး အများဆုံးဖြစ်ကာ ဒေသခံတိုင်းရင်းသားတွေကိုလဲ လုပ်သက်နဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး စစ်တပ်နဲ့ ရဲက ပြန်ရောင်းစားတာတွေလဲရှိနေပါတယ်။
ငွေလိမ်လုပ်ငန်းတွေကို ရောင်းစားခံရတဲ့သူတွေအနေနဲ့ တိုက်ခန်းအတွင်း ပိတ်လှောင်ထားကာ ငွေလိမ်ခိုင်းပြီး သတ်မှတ်ငွေကြေး လိမ်လည်မရရှိပါက နိုက်စက်ရိုက်နှက်မှုတွေအပြင် အစာရေစာမကျွေးဘဲထားတာတွေလဲ ရှိပါတယ်။
တာချီလိတ်မြို့တွင်း ဇွန်လ တတိယပါတ်အတွင်း ငွေလိမ်ဂိုဏ်း တရုတ်နိုင်ငံသား ၅ ဦးဖမ်းဆီးခဲ့မိခဲ့တယ်လို့ ပါလျံ ရန်အောင်မြေအတွင်းနေထိုင်သူ တစ်ဦးက ပြောပေမယ့် ရဲတပ်မှာ အမှုဖွင့်အရေးယူထားတာမရှိတဲ့အတွက် အမှုဖျောက်ကာ ပြန်လည်ရောင်းချလိုက်တာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဇွန်လ ၂၄ ရက်နေ့ကလဲ မယ်ခေါင် ရပ်ကွက်အတွင်း ဖမ်းဆီးရမိတဲ့ ငွေလိမ်ဂိုဏ်း လူဦးရေ ၁၀၀ ကျော်ကို အမှုဖွင့်လှစ်ရာမှာ ၆၀ ခန့်သာရှိပြီး ကျန်သူများကို ရဲနဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ပူးပေါင်းပြီး ငွေလိမ်ဂိုဏ်းတွေထံ တစ်ဦးကို ဘတ်(၈)သိန်းပတ်ဝန်းကျင်နဲ့ ပြန်လည်ရောင်းချခဲ့တာပါ။
တာချီလိတ်မှာ ငွေလိမ်ဂိုဏ်း ဖေါ်ထုတ်ဖမ်းဆီးမှုတွေဟာ ရဲနဲ့ စစ်တပ်ကို လိုင်းကြေးမပေးသူတွေကိုသာ ဖမ်းဆီးအရေးယူနေတာြဖစ်ပြီး သတ်မှတ်ကြေးပေးနေတဲ့ တရုတ်ငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးမှုမပြုဘဲ လူပြန်ရောင်းစားနေတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
MK002








