မဲခေါင်၊ ဇွန် ၂၄
တောင်ကြီးမြို့ ကို လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို စစ်ကောင်စီဘက်က အကြီးအကဲတစ်ဦး လာရောက်ဖို့ စီစဥ်နေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် အဝေရာမီးပုံးပျံကွင်းမှာ ပြုလုပ်သွားမယ့် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးတဲ့ပွဲမှာ စစ်ကောင်စီဘက်က ထိပ်တန်းအကြီးအကဲတစ်ဦး လာရောက်ဖို့ စီစဥ်ထားတာကြောင့် လုံခြုံရေးအရ ပျံကျဆိုင်တွေ ပိတ်ခိုင်းထားတာလို့ ဆိုပါတယ်။
“မင်းအောင်လှိုင်လား၊ စိုးဝင်းလားတော့မသိဘူး။ သူတို့ထဲက တစ်ယောက်လာမယ်။ တကယ်တော့ အဲ့ဒီပွဲကလည်း အမှိုက်တွေပဲ မီးရှို့တာ။ မူးယစ်ဆေးဆိုလို့ ဟန်ပြလောက်ပဲ ပါတာ။ ကျန်တာအကုန် ရဲတွေက အောက်စျေးနဲ့ ပြန်ထုတ်တယ်” လို့ မီးပုံးပျံကွင်းအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။
လတ်တလောမှာ အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ကျောက်တလုံးလမ်းတွေက ပျံကျစျေးသည်တွေကို ပိတ်ခိုင်းထားပြီး ဘယ်တော့လောက် ပြန်ရောင်းချခွင့် ပေးမလဲဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကားအစီးရေ ၄၀ ကျော်လောက်ဟာ သွားနေကျ ဗိုလ်ချုပ်လမ်းမအတိုင်း တောင်ဘက်ကို တန်းမသွားဘဲ မင်္ဂလာဦးလမ်းဆုံကနေ ဘုရားဖြူဘက်ကို တက်သွားပြီး သြတချောင်း အမှတ် ၃၅၇ အမြောက်တပ်ထဲကို ဝင်သွားတာကြောင့် စစ်ကောင်စီဘက်က အကြီးအကဲတစ်ဦး လာရောက်ဖို့ရှိတယ်ဆိုတာ သေချာသလောက်ရှိတယ်လို့ စစ်ကားအကြောင်း ထောက်လှမ်းနေသူတွေဆီက သိရပါတယ်။
“စစ်တပ်ဘက်ကအကြီးပိုင်းတစ်ယောက် လာမယ်ဆိုတာတော့ သေချာတယ်။ ဒါပေမဲ့ မီးပုံးပျံကွင်းထဲ ရှုပ်နေတာက ၄ မိုင်ထောင်က ထောင်သားထွက်ပြေးလို့ ပတ်နေတာပါ။ ဝန်ထမ်းလိုင်းခန်းတွေကို သတိထားဖို့ ပြောသွားတယ်။ သူတို့ဘက်ကလည်း ပိုသတိထားလာတာ တွေ့ရတယ်။ ဒီနှစ်ကလည်း လုံခြုံရေးပိုများတယ်” လို့ Non CDM သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
လတ်တလောမှာ အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့မှာ စစ်ကောင်စီတပ်အပြင် သူတို့လက်အောက်ခံ ရဲ၊ ယာဥ်ထိန်းရဲတွေက လုံခြုံရေးအကြောင်းပြ VPN စစ်ဆေးတာတွေ ပြုလုပ်နေပြီး နောက်ဆက်တွဲအနေနဲ့ အမှုတွဲဖို့ ဆိုင်ကယ်လိုင်စင်နဲ့ ဆိုင်ကယ်ဦးထုပ်ပါ စစ်ဆေးတတ်တာကြောင့် မြို့ခံတွေအနေနဲ့ သတိထားသွားလာကြဖို့ အစစ်ဆေးခံရသူတွေက သတိပေးထားပါတယ်။
MK-015








