မဲခေါင်၊ ဇွန် ၂၁
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသူတွေအားလုံး ထောင်တွင်းဖိနှိပ်မှု ကြုံနေရတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
မေလ ၁၅ ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်ကနေ ပြောင်းရွှေ့လာတဲ့ နိုင်ကျဉ်းသူ ၆၀ ကျော်နဲ့ အရင်ကတည်းက ဒိုက်ဦးထောင်မှာ ရှိနေပြီးသား နိုင်ကျဉ်းသူ ၅၀ ကျော်တို့ကိုပေါင်းပြီး ထောင်တွင်း ဖိနှိပ်မှု ကျူးလွန်နေတာ ဖြစ်ပါတယ်။
“အဲ့ဒီထောင်မှာ ၃ ပွင့်ဆိုတဲ့ တယောက်က အဆိုးဆုံးပဲ။ နိုင်ကျဥ်းတွေ ဆေးလာကုရင် မလုပ်ပေးတာမျိုး၊ နိုင်ကျဥ်းတွေကို တခြားအကျဥ်းသားတွေလိုမျိုး တန်းတူအခွင့်အရေးမပေးတာမျိုးတွေ ဆေးဝါးပိုင်းတွေမှာလည်း လာဘ်ပေးလာဘ်ယူတွေနဲ့ ကျန်းမာရေးတွေနဲ့ ပတ်သက်ရင် လုံးဝအဆိုးဆုံး ထောင်ထဲမှာပါတယ်။ ဒါကြောင့် နိုင်ကျဥ်းသူတွေရဲ့ ကျန်းမာရေးကို စိုးရိမ်ရတယ်ပေါ့နော်” လို့ ဒီတစ်ပတ်အတွင်း ဒိုက်ဦးထောင်ကနေ လွတ်မြောက်လာသူ တစ်ဦးက ပြောပါတယ်။
ဒိုက်ဦးအကျဥ်းထောင်မှာ စားဝတ်နေရေး၊ ကျန်းမာရေး အဖက်ဖက်က နှိမ့်ကျတဲ့အပြင် နိုင်ကျဥ်းသူတွေကိုလည်း လုံခြုံရေးအကြောင်းပြပြီး နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးတာ၊ အဓမ္မပြုကျင့်တာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မသန့်ရှင်းတဲ့ သောက်ရေ၊ သုံးရေတွေကြောင့် အရေပြားရောဂါ၊ ယားနာ၊ ပွေး၊ ဝဲ၊ ခူနာ စတဲ့ရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးမလုံလောက်မှုတွေ ကြုံနေရတဲ့အပြင် လုံလောက်တဲ့ ဆေးကုသခွင့်လည်း မရရှိဘူးလို့ သိရပါတယ်။
“တစ်နိုင်ငံလုံးမှာ နိုင်ငံရေးအကျဉ်းသူတွေ ၅ ထောင်ကျော်ပဲ ရှိပါတယ်။ အခုဆိုရင် ဒိုက်ဦးထောင်မှာ စားဝတ်နေရေးရော၊ ကျန်းမာရေးရော နိမ့်ကျနေတဲ့အထဲမှာ အကစနဲ့ စကစရော ပူးပေါင်းပြီးတော့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကို ညှဉ်းပန်းနှိပ်စက်နေပါတယ်။ အဲလိုမျိုးတွေ ထပ်မကြုံရအောင် မိတ်ဖက်အဖွဲ့စည်းတွေ၊ မီဒီယာအင်အားတွေ၊ ပြည်သူလူထုတွေ၊ နိုင်ကျဉ်းအဖွဲ့တွေ အဖက်ဖက်က ပူးပေါင်းပြီးတော့ အသံထွက်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ဒိုက်ဦးထောင်ကနေ လွတ်မြောက်လာသူ တစ်ဦးက ပြောပါတယ်။
ဇွန် ၁၅ ရက်နေ့ကလည်း ဒိုက်ဦးအကျဉ်းထောင်က နိုင်ကျည်းသူတွေကို မူးယစ်ဆေးအကြောင်းပြကာ ပစ္စည်းတွေကို ရှာဖွေခဲ့ပြီးနောက် ပြန်မပေးခဲ့တာကြောင့် နိုင်ကျဉ်းသူတွေဘက်က ဝိုင်းဝန်းတောင်းဆိုခဲ့ပါတယ်။
အဲဒီလို တောင်းဆိုတဲ့ နိုင်ကျဉ်းသူတွေကို ထောင်ဆူတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်အားသုံး ရိုက်နှက်ခဲ့ပြီး လတ်တလောမှာ အယောက် ၈၀ ကျော် ဆေးကုသမှု ခံယူနေရတယ်လို့ စုံစမ်းသိရပါတယ်။
MK014








