မဲခေါင် ဇွန် ၂၀
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအခြေစိုက် အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ (IWU)က တော်လှန်ရေးအဖွဲ့တွေကို လစဉ်ရိက္ခာ လှူဒါန်းသွားမယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
ဇွန်လ ၁၇ ရက်နေ့တုန်းက ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA)ရဲ့ ထိန်းချုပ်နယ်မြေ တစ်ခုမှာ ရှေ့တန်းတပ်ဖွဲ့ဝင် အယောက် ၂၀၀ စာအတွက် ၂၀ ကျပ်သားပါ ဘလချောင်ကြော်ထုပ်နဲ့ ငါးကြော်တွေ လှူဒါန်းခဲ့တာပါ။
“ကျမတို့ အနေနဲ့ ရှေ့တန်းထွက်ရဲဘော်တွေ ဟင်းအခက်ခဲ ဖြစ်တဲ့ အခါမျိုးမှာ အဆင်သင့် စားသုံးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းတာပါ။ နောက်လတွေလည်း လှူမှာပါ၊ ဘယ်အဖွဲ့ကို လှူရမလဲဆိုတာတော့ မတိုင်ပင်ရသေးပါဘူး” လို့ IWU ရဲ့ အတွင်းရေးမှူး မကြိုးကြာက ပြောပါတယ်။
ပြည်သူတချို့က ထည့်၀င်ပေးလာတဲ့ ငါးခြောက်၊ ကြက်သွန်၊ မြေပဲ၊ ငရုတ်သီး တို့ကို IWU အဖွဲ့၀င်တွေက ကြော်လှော်ထုပ်ပိုးကာ PNLA တပ်ဖွဲ့ကို လှူဒါန်းခဲ့တာ ဖြစ်ပြီး အခုလို ရာသီဥတု ပူပြင်းတဲ့ ကာလမျိုးမှာ ရှေ့တန်းထွက်နေရတဲ့ တော်လှန်ရေး တပ်သားတွေအတွက် ရေနဲ့အဆာ ပြေမုန့်တွေ နောက်ထပ် လှူဒါန်းနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
အရင်လတွေတုန်းက IWU သီးသန့် လှူဒါန်းခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ မြန်မာ့အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကွန်ယက်ကလည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလတုန်းကလည်း ညောင်လေးပင်တိုက်ပွဲဆင်နွှဲနေတဲ့ အမျိုးသားညီညွတ်ရေး(NUG) လက်အောက်ခံ ၁၀၀၆၊ ၁၀၀၉ တပ်ရင်းနဲ့ ပျားစစ်ကြောင်းတို့ကို IWU က ဘလချောင်ကြော် လှူဒါန်းခဲ့ပါသေးတယ်။
MK014








