မဲခေါင်၊ ဇွန် ၁၉
ရှမ်းမြောက်၊ မူဆယ်မြို့က ဆေးစွဲနေသူတွေကို စစ်ကောင်စီက ဖမ်းပြီး နမ့်ခမ်းဘက်ကို ဇွန် ၁၇ ရက်က သွားလွှတ်လို့ ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
မူဆယ်မြို့ပေါ်က သချိုင်းနဲ့ မန့်ဝိန်း၊ ဝိန်းနန်း၊ စွမ်စော် စတဲ့ နေရာတွေက မူးယစ်ဆေးစွဲနေသူတွေကို စစ်ကောင်စီ တပ်မ-၉၉ က သဲတင်တဲ့ ဖောကား ၂စီးနဲ့ တင်ပြီး မူဆယ်-နမ့်ခမ်းသွားကားလမ်းမှာ သွားရောက်လွှတ်ခဲ့တာမှာ ဆေးစွဲသူတွေက ရပ်ရွာအတွင်း ဒုစရိုက်မှုတွေ ကျူးလွန်လာမှာကို စိုးရိမ်နေကြတယ်လို့ဒေသခံတွေက ပြောပါတယ်။
“ဆေးသမားတွေကတော့ ဆေးမရရင်၊ မစားရရင် သေကြတာပါဘဲ၊ အရင်ကတဲက တစ်နေ့ ၁ လောင်း ၂ လောင်း ရှိနေတာလေ၊ ခုလိုသွားပစ်တော့ ဆေးရအောင် လုတာယက်တာ ရှိလာနိုင်လို့ စိုးရိမ်ကြတာပါ၊ အဟာရပြတ်တာအပြင် ရောဂါတွေနဲ့သေကြတာများပါတယ်၊ အရင်ကလည်း မိုင်းယော် ဘက်သွားပစ်တာ လမ်းဘေး၊ တောထဲ မှာသေကုန်ကြတာ၊ အခုအခြေအနေအရတော့ TNLA က ဆေးသမားတွေ ဖမ်းပြီးဆေးဖြတ်ပေးတာရှိနေတယ်၊ ဒါပေမယ့် အစိမ်းဖြတ်တာ ဆေးဝါးကတော့ လားရှိုး ကျောက်မဲဘက်မှာပဲ တိုက်တော့တယ်”လို့ မူဆယ်လူမှုအသင်းဝင် တစ်ဦးက မဲခေါင်ကိုပြောပါတယ်။
စစ်ကောင်စီက ဆေးသမားတွေကို SSPP ဂိတ်ချထားတဲ့နေရာနားမှာ သွားချထားတာဖြစ်ပေမယ့် SSPP ကိုယ်တိုင် TNLA ရဲ့ မောင်းထုတ် ထားတာကိုခံနေရတာကြောင့် ဆေးသမားတွေကို ဘာမှလုပ်တာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ပြည်သူတွေက ဘယ်သူ့ကိုအားကိုးရမယ်မသိတော့ဘူး၊ ဆေးသမားလဲ ဆေးဖြတ်ခွင့်မရှိ၊သေအောင်လွှတ်ပစ်ကြတယ် ဒုစရိုက်မှုကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူမယ် ဘာညာ ပြောပေမယ့် လူထုထံ မတရားဆက်ကြေးကောက်တာကလွဲလို့ ဘာမှ လုပ်ပေးတာမရှိ၊ ဥပဒေအကာအကွယ်လဲ မရှိတော့ဘူး”လို့ မူဆယ် ၄၅ ကွက်က ဒေသခံ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လက်ရှိ မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့ကို စစ်ကောင်စီ တပ်မ-၉၉ က ထိန်းချုပ်ထားသော်လည်း ပြန်ပေးမှု၊ ဓားပြမှု၊ လုယက်မှုတွေနဲ့လက်နက်ကိုင်အဖွဲ့မျိုးစုံ သွားလာလှုပ်ရှားနေတဲ့မြို့ဖြစ်ကြောင်း သိရပါတယ်။
MK-012








