မဲခေါင် ဇွန် ၁၈
တောင်ကြီးမြို့၊ မြို့မဈေးမှာ ဈေးနေ့တိုင်းလိုလို ခါးပိုက်နှိုက်တွေက လူကြပ်တာကို အခွင့်ကောင်းယူပြီး ဈေးဝယ်တွေရဲ့ ဖုန်းနဲ့ပိုက်ဆံအိတ်တွေ နှိုက်ယူတာ၊ ဈေးဆိုင်တွေမှာ ဈေးမေးဟန်ပြုကာ လူအလစ်မှာ ပစ္စည်းယူပြေးတာတွေ ကျူးလွန်နေကြလို့ ဈေးသည်နဲ့ ဈေးဝယ်တွေအတွက် အခက်တွေ့နေတယ်လို့ သိရပါတယ်။
မြို့မဈေးနေ့မှာ တောင်ကြီးအနီးတဝိုက် ကျေးရွာတွေနဲ့ ဈေးပတ်ကားတွေ စုံတာမို့ လူဦးရေထူထပ်ပြီး ဈေးဝယ်သူတွေများတာကို အခွင့်ကောင်းယူပြီး ခါးပိုက်နှိုက်တွေ သောင်းကြမ်းနေတာဖြစ်ပါတယ်။
“ဖုန်းကို လက်ကိုင်အိတ်မှာထည့်ပြီး ချိတ်ထားတာကို နှိုက်သွားတယ်။ တို့ဆေးပါမယ် ထင်တယ်။ ခဏလေးအတွင်းကို အသိစိတ် ပျောက်သွားတာ။ မြို့မဈေးက လူတွေလည်း တော်တော်စိတ်ညစ်နေကြတယ်” လို့ ဇွန်လ ဒုတိယ အပတ်တွင်း ခါးပိုက်နှိုက် ခံရသူ တစ်ဦးက ပြောပါတယ်။
တခြားနေရာ ဒေသတွေက ခါးပိုက်နှိုက်တွေဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက တောင်ကြီးမြို့မှာ ပြောင်းရွှေ့ကျင်လည်ကျက်စားနေကြတာဖြစ်ပြီး မေလအတွင်း ဒေါ်လာနဲ့ ရွှေဈေး တက်ပြီးတဲ့ နောက်မှာတော့ မြို့ခံတချို့ကပါ ခိုး၊ ဆိုး၊ နှိုက် ဒုစရိုက်မှုတွေမှာ ပါဝင်ကျူးလွန်လာကြတယ်လို့ သိရပါတယ်။
“ဈေးမေးသလို ဘာလိုလိုနဲ့ မျက်လုံးကလည်ကလည်နဲ့ဆိုရင် သတိထားနေရပြီ။ လစ်တာနဲ့ ယူပြေးတာ။ တချို့တော့ ယူမပြေးဘူး။ လူတအားကျတဲ့အချိန် အပြင်ကတစ်ယောက်ကို လက်ဆင့်ကမ်းလိုက်တာ။ အဲတော့ ကျမတို့က သူယူမှန်း သိနေရင်တောင် လက်ဆုပ်လက်ကိုင်မပြနိုင်ဘူး ဖြစ်သွားတာပေါ့။ ဈေးသည်တိုင်း ဈေးနေ့ဆို နှလုံးရောဂါရတော့မယ်” လို့ မြို့မဈေးအတွင်း ရောင်းချနေသူ တစ်ဦးက ပြောပါတယ်။
တောင်ကြီးမြို့မှာ စစ်အာဏာသိမ်းပြီးကတည်းက ပျမ်းမျှ တစ်ပတ်ကို ဆိုင်ကယ် ၂ စီးနှုန်း ပျောက်ဆုံးနေတဲ့အပြင် ၂၀၂၄ ခုနှစ်အတွင်းမှာတော့ ဆိုင်ကယ်ဦးထုပ်တွေပါ ပျောက်ဆုံးလာပြီး မှောင်ခိုဈေးကွက်ကနေတဆင့် ဆိုင်ကယ်ဦးထုပ်တွေကို သုံးပုံတစ်ပုံခန့်သက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူလို့ရတယ်လို့ ဆိုပါတယ်။
တောင်ကြီးမြို့မှာ သူခိုးနဲ့ ခါးပိုက်နှိုက်တွေ အရေအတွက် တဖြည်းဖြည်း တိုးလာပေမယ့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဟာ အရေးယူဆောင်ရွက်တာမျိုး လုံးဝမရှိဘဲ တက်ကြွလှုပ်ရှားသူတွေကိုသာ ရှာဖွေဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
MK-015








