မဲခေါင်၊ ဇွန် ၁၇
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ VPN တွေ့ရင် ဖမ်းတယ်ဆိုပြီး facebook လူမှုကွန်ယက်ပေါ် Post တင်ခဲ့တဲ့ Sai Kalaw acc ပိုင်ရှင်ကို စစ်ကောင်စီက ဇွန်လ ၁၄ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“VPN က ဒုက္ခပေးတာလား၊ လူတွေက ဒုက္ခပေးတာလား” လို့ မှတ်ချက်ရေးတာအပြင် “ဖုန်းထဲမှာ VPN ပါရင် လမ်းမှာ စကစ အဖွဲ့စစ်တာနဲ့ ငွေငါးသောင်း၊ တစ်သိန်းခွဲ၊ သုံးသိန်းပေးရတယ်”လို့ လူမှုကွန်ရက်ကနေ မဟုတ်မမှန် သတင်းရေးလို့ဆိုပြီး Sai Kalaw acc ပိုင်ရှင် အမျိုးသားကို ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးအမှုဖွင့်ခဲ့တာလို့ သိရပါတယ်။
“တစ်ပတ်လောက်ရှိပြီ မြို့ထဲသွားရင် ဖုန်းထည့်သွားနေတာ၊ အစစ်ဆေးခံရတာတော့ မရှိသေးဘူး၊ VPN တော့ ဖျက်ထားတယ်၊ ပြောနေကြတာတော့ ဖုန်းစစ်တယ်၊ VPN တွေ့ရင် ရစ်တယ်၊ ငွေတောင်းတယ်တို့၊ သေချာ မေးကြည့်တော့ မသေချာဘူး၊ ကိုယ်တိုင်တော့ မကြုံသေးဘူး၊ ဖြစ်လာရင်လဲ မချောင်ဘူးလေ” လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
Taxi မောင်းသူ၊ စျေးသည်တွေ ရိုးရိုးခရီးသွားနဲ့ မြို့ပေါ်နေသူအချို့ကို မေးမြန်းရာမှာလည်း ကိုယ်တိုင်မကြုံရသေးသော်လည်း VPN ကို ဖျက်သွားတာ၊ ဖုန်းထားခဲ့တာ တွေလုပ်နေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီ ကတော့ လက်ရှိတောင်ကြီးမှာ VPN နဲ့ ပတ်သက်ပြီး စစ်ဆေးဖမ်းဆီးတာ မရှိကြောင်းနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းတွေသာ လုပ်နေတယ်လို့ ပြောနေပေမယ့် လူတွေကတော့ VPN ကို အပြင်သွားရင် ဖျက်သွားပြီး ရုံး၊ အိမ်ပြန်ရောက်မှ ပြန်သွင်းကြတယ်လို့ သိရပါတယ်။
မန္တလေးမှာ VPN တစ်ခုတွေ့ရင် ၂ သိန်းဒဏ်ရိုက်တယ်လို့ သတင်းတင်သူကိုလည်း လွန်ခဲ့တဲ့ ဇွန်၁၄ ရက်က ဖမ်းးဆီးတဲ့ သတင်းလဲတွေ့ရပါတယ်။
တောင်ကြီးမြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ မြင်းရုပ်၊ City Square (Ocean)၊ မြို့မစျေး၊ ဗိုလ်ချုပ်ပန်းခြံတွေမှာ ဇွန် ၁၃ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ယာဉ်ထိန်းတပ်ဖွဲ့က ယာဉ်စစ်ဆေးရင်း VPN တွေ့ရှိသူတွေကို ငွေကျပ် ၅ သောင်းထပ်မနည်း ဒဏ်ရိုက်ခဲ့တဲ့အပြင် တချို့လူတွေကို ဆိုင်ကယ်သိမ်းဆည်းခဲ့တယ်လို့ သိရပါယ်။
မြန်မာနိုင်ငံမှာ VPN နဲ့ Facebook အသုံးပြုမှုကို ပြီးခဲ့တဲ့ မေ ၃၀ ရက်က စတင်ပိတ်ပင်လိုက်ပြီး စီမံချက်ကို စစ်ကောင်စီနဲ့ပေါင်းပြီး Mascots ကုမ္ပဏီနဲ့ တရုတ်နည်းပညာရှင်တို့က ပူးပေါင်းဆောင်ရွက်နေသလို ပြစ်မှုအဖြစ် သုံးစွဲတာတွေ့ရင် ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ်အထိထောင်ဒဏ်နဲ့ ငွေဒဏ် ကျပ်သိန်း ၅၀ အထိ ချနိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ရေးဆွဲထားပြီး အတည်ပြုဖို့ ရှိနေတယ်လို့ သိရပါတယ်။
MK-012








