မဲခေါင်၊ ဇွန် ၁၄
ရှမ်းအရှေ့၊ တာချီလိတ်မြို့မှာ ယနေ့ မနက်ပိုင်းက ဓားနဲ့ခုတ်၊ သေနတ်နဲ့ပစ်ကာ ဆိုင်ကယ်လုယက်သူ ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဇွန် ၁၄ ရက်၊ မနက် ၄ နာရီခွဲခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းဆုံ၊ အမှတ်-၂ ကြီးမြတ်သောရွှေမြင်းရွှေဆိုင်ရှေ့မှာ ဆိုင်ကယ်စီးလာတဲ့ ကိုအောင်မြင့် ဆိုသူကို လူငယ် ၃ ဦးက ဓားဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယူရာမှာ ကိုအောင်မြင့်ထွက်ပြေးတာကို သေနတ်နဲ့လိုက်ပစ်စဉ် ရွှေဆိုင်က လုံခြုံရေး မြင့်မြတ်ထွန်းဆိုသူကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
လုယက်သူ ၃ ဦးက ဓားနဲ့ခုတ်လို့ ဆိုင်ကယ်ပိုင်ရှင် ကိုအောင်မြင့်မှာ ခေါင်းဘယ်ဘက်ဂျိုစောင်းမှာ ၃လက်မခန့်ပြတ်ရှိ ဓားဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး ထွက်ပြေးရင်း အကူအညီတောင်းခံခဲ့တဲ့ ရွှေဆိုင်လုံခြုံရေး မြင့်မြတ်ထွန်းမှာတော့ လုယက်သူတွေက သေနတ်နဲ့ ၆ချက် ပစ်ခတ်လို့ ဘယ်ဘက်ပေါင် ၁ ချက်၊ ယာဘက်ပေါင် ၁ ချက် သေနတ်ဒဏ်ရာတွေရရှိခဲ့လို့ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှာ ကုသနေတယ်လို့ သိရပါတယ်။
လုယက်မှုမှာ ဓားနဲ့ခုတ်၊ သေနတ်နဲ့ပစ်ခဲ့သူတွေကို ယနေ့ မနက် ၅ နာရီ ၁၀ မိနစ်မှာ ဝှေလေလန်နဲ့ အာခါကျေးရွာ ချင်းဆက်လမ်းအနီး ပစ်ခတ်ဖမ်းဆီးမိလို့ ခေါင်းဆောင် ချဉ်ငံစပ် ခေါ် စိုးမိုးအောင်ကို ဘယ်ပေါင် သေနတ်ရှပ်ထိမှန် ဒဏ်ရာ ၁ ချက်နဲ့ ကျန်အဖွဲ့ဝင် ၂ ဦးအနက် ၁ ဦးကို ခြေကျင်းဝတ်ပေါက်ပြဲဒဏ်ရာ၊ ကျန် ၁ ဦးကို ဘာဒဏ်ရာမမရှိပဲ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေကို ဆက်လက်စစ်ဆေးရာမှာ ကျူးလွန်သူ ကိုကိုလတ်ရဲ့ ဝန်ခံချက်အရ အလားတူ ဓားနဲ့ခုတ်၊ သေနတ်နဲ့ပစ်ပြီး ဆိုင်ကယ်လုယက်မှုကို ယနေ့ မနက် ၅ နာရီ ၁၀ မိနစ်မှာပဲ ဆက်လက်ကျုးလွန်ရာမှာ ပုန်းထွန်ရပ်ကွက်ကငွေတောင်ဦးလမ်းနဲ့ စည်ပင်ကုန်းလမ်းဆုံးအနီး ဆိုင်ကယ်စီးလာသူ အမျိုးသား ၁ ဦးကို ဓာနဲ့ခုတ်ပြီး ရွှေတြိဂံဟော်တယ်လုံခြုံရေးဝင်ပေါက်ထဲဝင်ပြေးတဲ့ ဆိုင်ကယ်ပိုင်ရှင်ကို သေနတ်နဲ့လိုက်ပစ်တဲ့အမှုပါ ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
လုယူခဲ့တဲ့ ဆိုင်ကယ် ၂ စီးနဲ့ သူတို့ စီးလာတဲ့ ဆိုင်ကယ် ၁ စီး၊ ၄င်းတို့ကျူးလွန်စဉ် အသုံးပြုခဲ့တဲ့ ဓား ၁ချောင်းကို သိမ်းဆည်းရမိခဲ့သော်လည်း ပစ်ခတ်ခဲ့တဲ့ သေနတ်ကိုတော့ ဖမ်းဆီးရမိတာ မတွေ့ရသေးဘူးလို့သိရပါတယ်။
MK-012








