မဲခေါင် ဇွန် ၁၃
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ သူခိုးတွေကြောင့် နေရပ်ပြန် စစ်ဘေးရှောင်တွေ ပြန်လည်ထူထောင်ရေးအတွက် အခက်တွေ့နေရတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
မေလ နောက်ဆုံးပတ်လောက်ကစပြီး လွိုင်ကော်မြို့ခံတွေ နေရပ်ပြန်လာကြတဲ့ အချိန်မှာ အိမ်တိုင်းလိုလို ဖောက်ထွင်းခံထားရတာကြောင့် လူအများစုဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဘဝအသစ် ပြန်စနေရတယ်လို့ ဆိုပါတယ်။
“လွိုင်ကော်မှာ ပတ်ခိုးနေတဲ့ သူခိုးတွေက စစ်ကောင်စီနဲ့ မဟာမိတ်လုပ်ထားသလိုဘဲ ပြီးတော့ သူခိုးတွေက အကုန်လုံးဖြစ်နေတာ မြို့ခံလူထုထဲက တချို့လဲ ခိုးတာဘဲ၊ တော်လှန်ရေးအဖွဲ့တွေလဲ ပါတာဘဲ သူခိုးက အကုန်ဖြစ်နေတာ၊ ဒီတိုက်ပွဲက နောက်ဆုံးတော့ သူခိုးတွေပဲ နိုင်သွားတာ”လို့ နေရပ်ပြန် စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
နေရပ်ပြန်စစ်ဘေးရှောင်တွေအနေနဲ့ နေအိမ်မှ ပစ္စည်းများ မရှိတော့ဘဲ အချို့မှာ ဘုရားစင်ပါအခိုးခံခဲ့ရပြီး အိုးခွက် ပန်ကန်ကအစ မရှိတော့ကြောင့် အိမ်အခွံသာ ကျန်တော့တယ်လို့ သိရပါတယ်။
ခိုးရာပါပစ္စည်းအများစုကို မှောင်ခိုဈေးကွက်ကနေတဆင့် ချယ်ရီကုန်းမှာ ရောင်းချနေပြီး စစ်ကောင်စီဘက်က ခိုးယူထားတာတွေကိုတော့ သူတို့ မိသားစုဝင် အမည်တွေရေးထိုးကာ နောက်တန်းပြန်ပို့နေတဲ့အပြင် ခိုးရာပါပစ္စည်း တချို့ကိုလည်း ဒေသကွက်ကဲမှု စစ်ဌာနချုပ် (ဒစက)မှာ ရောင်းချနေတာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
“တော်လှန်ရေး တပ်တွေဟာလည်း မတစ်ထောင် တစ်ကောင်သားတွေ ဖြစ်တဲ့အတွက် လက်ဆော့တတ်တဲ့ကောင်တော့ ပါမှာပဲ။ လူအယောက်သောင်းချီ ရှိတဲ့ အဖွဲ့အစည်းထဲမှာ လူကောင်းတွေပဲ ရှိတာတော့ မဟုတ်ဘူးလေနော်။ တော်လှန်ရေး အဖွဲ့အစည်းတိုင်းမှာ သူခိုးတွေနဲ့ ပတ်သက်ပြီး ဘယ်လိုအရေးယူဆောင်ရွက်ရမလဲဆိုတဲ့ မူဝါဒတွေတော့ ချမှတ်ထားတယ်၊ ဘယ်လို ဆောင်ရွက်နေပါတယ် ဆိုတာတွေတော့ ရှိတယ်။ ဒါပေမယ့် အောက်ခြေမှာ ဖြစ်ပျက်နေတာတွေက ဘာမှမဆိုင်ဘူးနော်။ တခြားစီပဲ” လို့ တော်လှန်ရေး ရှေ့တန်းမြေပြင် သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
မေလ ၂၀ ရက်နေ့ ဝန်းကျင်လောက်က ရှမ်းပိုင်းရပ်ကွက်မှာ သူခိုးတွေ စိတ်ချလက်ချ ခိုးယူနိုင်ဖို့အတွက် သူခိုးတွေ ကင်းလှည့်ပေးတာ၊ ခိုးရာပါ ပစ္စည်းတွေကို ကားနဲ့သယ်ပေးတာတွေကိုလည်း ပြုလုပ်နေကြတာတွေရှိတယ်လို့ မျက်မြင်ကြုံခဲ့ရသူတွေဆီက သိရပါတယ်။
လွိုင်ကော်မြို့မှာ သူခိုးတွေကို အရေးယူဆောင်ရွက်ဖို့အတွက် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အပါအဝင် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေက ဝါဒချမှတ်ထားပေမယ့် မြေပြင်မှာ ထိရောက်မှု မရှိတာကြောင့် မြို့ခံတွေကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။
MK-012








