မဲခေါင်၊ ဇွန် ၁၃
ရှမ်းမြောက်၊ သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ် သွား ကားလမ်းကို စစ်ကောင်စီက စက်ယန္တရားတွေနဲ့မြောင်းတူးပြီး ဖျက်ဆီးလိုက်တယ်လို့ မျက်မြင်တွေ့သူဒေသခံတွေဆီက သိရပါတယ်။
မနေ့ ဇွန်၁၂ ရက်၊ ညနေ ၅ နာရီခန့်မှာ စစ်ကောင်စီတပ် ၅၀၄ က စက်ယန္တရားတွေနဲ့ လမ်းအလယ်ကို မြောင်းတူးပြီး ယာဉ်တွေသွားလာလို့ မရအောင် ဖျက်ဆီးလိုက်တာလို့ ပြောပါတယ်။
“သူတို့က ဘက်ဟိုးနဲ့ လမ်းကို မြောင်းတူးပစ်လိုက်တာ၊ စစ်သားတွေက ဘေးမှာ စောင့်ကြည့်ပြီး လာသမျှ ကားနဲ့ဆိုင်ကယ်တွေကိုတားပြီး ပြန်လှည့်ခိုင်းတယ်၊ နမ္မတူဘက်ကိုသွားလို့မရတော့ဘူး၊ ဟိုဘက်ကလဲ လာလို့မရတော့ဘူး ၊ ပိုဆိုးတာက အဲဒီလမ်းတစ်ဝိုက်မှာ မိုင်းထောင်မယ်ကြားတယ်”လို့သီပေါ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီဖျက်ဆီးလိုက်တဲ့နေရာမှာ သီပေါက ၈ မိုင်ခန့်၊ မိုးတေတံတားက ၂ မိုင်ခန့်အကွာတွင်ရှိပြီး ခမရ ၅၀၄ အနီး ဇင့်အောက်ဆိုဒ်စက်ရုံရှိရာ သီပေါ-နမ္မတူ ကားလမ်းနေရာလို့ သိရပါတယ်။
ဒေသခံလူထုကတော့ ၁၀၂၇ စစ်ဆင်ရေးရဲ့နောက်ဆက်တွဲ တိုက်ပွဲတွေ မကြာမှီ ပြင်းထန်စွာဖြစ်လာတော့မယ့် စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကြိုတင်စစ်ဘေးရှောင်နို်င်ရေး ပြင်ဆင်ထားနေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လက်ရှိလမ်းဖျက်လိုက်တဲ့ အနီး က မိုးတေတံတားကို စစ်ကောင်စီက မို်င်းခွဲဖျက်ဆီးလိုက်ပြီးအနီးဝန်းကျင်မှာ မြေမြုပ်မိုင်းအများအပြားထောင်ထာခဲ့တယ်လို့ ဒေသခံတွေကပြောလို့ သိရပါတယ်။
MK-012








