မဲခေါင်၊ ဇွန် ၁၂
ရှမ်းမြောက်၊ နမ့်ဆန်မြို့မှာ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေက မူးယစ်ဆေးစွဲသူတွေကို အကျင့်စာရိက္တပြုပြင်ပေးပြီး ပြန်လွှတ်လိုက်တဲ့အခမ်းအနား ဇွန်လ ၁၁ ရက်က ကျင်းပပြုလုပ်တယ်လို့ TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်လာပါတယ်။
နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ၊ စတဲ့ မြို့နယ်တွေက မူးယစ်ဆေးစွဲသူတွေကို TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့က ဖမ်းဆီးပြီး ၆ လအကြာ အကျင့်စာရိတ္တပြုပြင်ရေးစခန်းမှာ ထားရှိ ပြုပြင်ပေးခဲ့တာလို့ ဆိုပါတယ်။
အချို့ကတော့ မိဘတွေကိုယ်တိုင်က လာရောက်အပ်နှံတာဖြစ်တယ်လို့ ဆိုပြီး ခုပြန်လွှတ်ပေးတဲ့သူတွေထဲမှာ ကျား ၄၈ ဦး ၊ မ ၂ ဦးပါတယ်လို့ သိရပြီး ပထမအကြိမ်အဖြစ် စာရိတ္တပြုပြင်ရေးစခန်းမှာ ၆ လ နေရမှာဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက ၃ နှစ် နေရမယ်လို့သိရပါတယ်။


၁၀၂၇ စစ်ဆင်ရေးမတိုင်မီက နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူမြို့တွေမှာ မူးယစ်ဆေးစွဲသူများပြားပြီး လက်ရှိ TNLA အုပ်ချုပ်မှ မူးယစ်ဆေးဝါး၊ ရောင်းဝယ်သုံးစွဲသူတွေကို ထိရောက်စွာအရေးယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယင်းကိစ္စနဲ့ပတ်သက်လို့ TNLA ရဲ့ပြန်ကြားရေးဌာနမှူး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်လွေးယေဦးကို ဆက်သွယ်ပေမယ့် ချိန်းပြီး ပြန်လည် ဖြေကြားခြင်းမရှိတာကြောင့် မူးယစ်ဆေးစွဲသူတွေရဲ့ ဆေးစွဲမှုအမျိုးအစားတွေဟာ Injecting Drug User-IDU (အကြောတွင်း ဘိန်းဖြူထိုးထည့်သူတွေ)၊ Alternative Drug User-ADU(ရှု၊ သောက်၊ အခြားနည်း)တွေ ဆိုတာ ခွဲခြားမသိရသလို ကုသရာမှာလည်း ဘာသာရေးလုပ်ငန်းစဉ်၊ အစိမ်းဖြတ်၊ ဆေးဝါးနဲ့အဟာရအကူ၊ အခြားရောဂါတွေကုသမှုတွေရှိမရှိနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို အကျင့်စာရိတ္တပြုပြင်ရေးခေါင်းစဉ်အောက်မှာ ဘယ်လို လုပ်ဆောင်တယ်ဆိုတာ မသိရပါဘူး။
ရှမ်းမြောက်၊ ကျောက်မဲခရိုင်က မြန်မာနိုင်ငံမူးယစ်ဆေဝါး ဆန့်ကျင်ရေးအသင်းမှာ လက်ရှိ မက်သဒုံးဆေးသောက်နေရသူ ၂၀၄ ဦးရှိပြီး မူဆယ်ပရဟိတ အသင်းတွေထံက ရရှိချက်အရအိမ် ထောင်စု ၅ စုမှာ ဆေးစွဲသူ ၁ ဦးရှိနေတာဖြစ်လို့ ရှမ်းမြောက်မူးယစ်ဆေးစွဲသူပေါင်းဟာ အနည်းဆုံးခန့်မှန်းခြေေ ခရိုင်နှစ်ခုပေါင်း ဆေးစွဲသူ ထောင်ကျော်ရှိနေနိုင်ကာ အခု TNLA ထိန်းချုပ်နယ်မြေတွေမှာ ဆေးစွဲသူ အနည်းဆုံး ၁ထောင်ကျော် ရှိနိုင်တယ်လို့ ခန့်မှန်းရင် ခု အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းလို ဆေးဖြတ်စခန်း အများအပြားလိုအပ်မှာဖြစ်သလို ကာလရှည် ကုသမှုတွေ ရှိနေမယ်လို့ TNLA ရဲ့သတင်းအပေါ် ပရဟိတ မူးးယစ်ဆေးစွဲကုသရေး လူမှုကူညီသူတွေက ပြောဆိုနေကြတယ်လို့ သိရပါတယ်။
လက်ရှိ မူးယစ်ဆေးဖြတ်စခန်းတွေမှာ ယခင်ရှိခဲ့တဲ့ ဖယ်ခုံ၊ ပြည်(ဝက်ထီးကန်)၊ မန္တလေး၊ ကျိုင်းတုံ၊ တာချီလိတ်ဆေးဖြတ်စခန်းတွေမှာ ဖွင့်လှစ်နိုင်ပြီး ကျန်စခန်းတွေ ဖွင့်လှစ်နိုင်တာမရှိပေမယ့် တပိုင်တနိုင်ပရဟိတအနေနဲ့ဖွင့်လှစ်တဲ့ ကွတ်ခိုင်၊ တာချီလိတ်(ပြည်သူ့စစ်)၊ မိုးကုတ်(ခရစ်ယန်ဘုရားကျောင်း)တွေသာ ဖွင့်လှစ်ဆဲလို့ သိရပါတယ်။
MK-012








