မဲခေါင်၊ ဇွန် ၁၂
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့က စစ်ကောင်စီလက်အောက်ခံ PNO ဥက္ကဌ ၊ စစ်ကောင်စီဝင် ခွန်စံလွင်ပိုင်ဆိုင်တဲ့ ကော်ဖီစက်ရုံကထွက်တဲ့ အနံ့ဆိုးတွေက မြို့လူထုကို အသက်ရှုခက်ခဲစေနေတယ်လို့ ဒေသခံတွေပြောကြားချက်အရ သိရပါတယ်။
ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက်မှာရှိတဲ့စက်ရုံ (Coffee Neo)က အနံ့ဆိုးတွေဟာ စက်ရုံဘေးနား စျေးသည်တွေ၊ မွေတော်ဘုရားကြီးကိုလာတဲ့ ဘုရားဖူးတွေ၊ ဥပုသ်သည်တွေ၊ ကိုယ်ပိုင်ကျောင်းတွေ၊ ရပ်ကွက်နေလူထုတွေအတွက် အသက်ရှုကြပ်ကာ အနံ့မခံနိုင်အောင်ဖြစ်နေပြီး ပြတင်းပေါက် တွေတောင် မဖွင့်ရဲတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။
“မိုးတွင်းဖြစ်တော့ အနံ့က ပိုဆိုးလာတယ်၊ စျေးသည်တွေလဲ အသက်ရှုမဝကြဘူး၊ အိမ်ကတော့ အနံ့မခံနိုင်လို့ ပြတင်းပေါက်ကို မဖွင့်ဘူး၊ သူ့စက်ရုံက မွေတော်ဘုရားကြီးအနောက်မှာရှိတာ၊ မနှစ်က ၀ါတွင်းဆိုဥပုသ်စောင့်တဲ့သူတွေတောင် နေလို့မရဘူးလို့ပြောတယ်။ အနားက ကိုယ်ပိုင်ကျောင်းတွေလဲ အဲအနံ့ကြောင့် ဒုက္ခရောက်နေကြတယ်”လို့ တုံခမ်းရပ်ကွက်ဒေသခံ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကော်ဖီစက်ရုံဟာ စတင်လည်ပတ်စဉ်ကတည်းက အနံ့ဆိုးထုတ်လာတာဖြစ်ပြီး ဒီနှစ်မှ ပိုဆိုးလာတာဖြစ်ပြီး အနီးအနား ရပ်ကွက်နေသူတွေအတွက် နေ့စဉ်အသက်ရှုရခက်တဲ့ ဝေဒနာ ခံစားနေရတာလို့ သိရပါတယ်။
“သွားတိုင်ပြန်ရင်လဲ ဒေသရုံးက ဘာမှလုပ်ပေးမှာ မဟုတ်ဘူး၊ ခွန်ရဲထွေးက အငယ်၊ ခွန်စံလွင်က အကြီးဆိုတော့လေ၊ လူတိုင်းက ပြောချင်နေကြတာ၊ ကြောက်လို့ မပြောရဲကြတာ၊ မီဒီယာကိုပြောတာလဲသိရင် အသတ်ခံရနိုင်တယ်”လို့ ဟိုပုံးဒေသခံ ၁ ဦးက ပြောပါတယ်။
ကော်ဖီစက်ရုံဝန်းအတွင်း စနစ်တကျစွန့်ပစ်ထားခြင်းမရှိဘဲ စုပုံထားတဲ့ ကော်ဖီခွံတွေမှ မိုးရာသီ မိုးများစိုပြီး ပုတ်ပွနေခြင်းဖြစ်ကာ ပတ်ဝန်းကျင် ရပ်ကွက်နှင့် အနီးတဝိုက်ဧရိယာကို အနံဆိုးများဖြစ်ပေါနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ခွန်စံလွင်ဟာ စစ်အာဏာသိမ်းပြီးမှ ဟိုပုံးမြို့မှာ ကိုယ်ပိုင် ဟိုပုံးပုဂ္ဂလိကဆေးရုံ၊ အလင်းပွင့်စက်သုံးဆီဆိုင်တွေ လက်ညှိုးထိုးမလွဲအောင် ဖွင့်လာတာလို့သိရပြီး လက်ရှိ စစ်ကောင်စီအဖွဲ့တစ်ဦးဖြစ်ပါတယ်။
MK-012









