မဲခေါင်၊ ဇွန် ၁၁
ရှမ်းအရှေ့၊ မိုင်းပျဉ်းတောင်ပေါ် မှာ လမ်းချော်ပြီး ကားပိတ်တာကို အတက်နဲ့အဆင်းကို နေရာနဲ့အချိန် သတ်မှတ်ပြီး ဖြေရှင်းနေတယ်လို့ ဒေသသတင်းအရင်းအမြစ်အရ သိရပါတယ်။
မိုင်းပျဉ်းတောင် ၁၆ မိုင်မှာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကတဲက မိုးရွာလို့ လမ်းတွေချော်ပြီး ကားစီးရေထောင်ချီပိတ်နေတာကို စစ်ကောင်စီ မိုင်းပျဉ်း ဗျူဟာက လမ်းရှင်းရေးအစီအစဉ်ကို ယနေ့ ဇွန် ၁၁ရက်နေ့ကစပြီး လုပ်တာလို့ ခရီးသွားကားတွေဆီက သိရပါတယ်။

“မိုင်းပျဉ်းတပ်က လုပ်တာလို့သိရတယ်၊ အတက်နဲ့အဆင်းကို စောင့်ရမယ့်နေရာနဲ့ အချိန်နေရာ သတ်မှတ်ပြီး တစ်ကြောင်းဆီရှင်းနေတာ၊ ဒီနေ့ စရှင်းနေတာ၊ ရောက်နေတာ ၁ ရက်ရှိပြီ ခုမှ တောင်ထိပ်ရောက်တယ်၊ ကားကတော့ ထောင်ချီတယ်၊ ခရီးသွားတွေ အစားအသောက်ကအစ အလေးအပေါ့သွားတာအဆုံး အရမ်းခက်ခဲတယ်၊ လက်ဘက်ရည်နဲ့မုန့် ၁သောင်းပေးဝယ်စားခဲ့ရတယ်၊ လာရောင်းပေးတာပဲကျေးဇူးတင်တယ်”လို့ တာချီလိတ်-တောင်ကြီး ခရီးသွား ယာဉ်မောင်း ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
မိုင်းပျဉ်းမြို့နဲ့ မိုင်းပျဉ်းတောင်ကြား ကားတွေ သွားလာဖို့ အစီအစဉ်ဖော်ပြထားတာမှာ ယဉ်တွေရပ်တန့်စောင့်ဆိုင်းရမယ့်နေရာမှာ ကျိုင်းတုံ-တောင်ကြီး ခရီးစဉ်ကားတွေ မနက် ၆ နာရီ က ၈ နာရီထိ၊ နေ့လည် ၁၂ နာရီက ၂ နာရီထိနဲ့ ညနေ ၆ နာရီက ၈ နာရီ တစ်နေ့ ၃ကြိမ်ကို မိုင်းပျဉ်းပူးပေါင်းဂိတ်နဲ့ ခမရ(၅၂၈)တပ်အနီး စောင့်ဆိုင်းရမှာဖြစ်ပြီး တောင်ကြီး-ကျိုင်းတုံကားတွေကတော့ မိုင်းပျဉ်းတောင်ထိပ်နဲ့ဆင်မောင်းရွာမှာ စောင့်ဆိုင်းပြီးမနက် ၉ နာရီက ၁၁ နာရီအထိနဲ့ ညနေ ၃ နာရီက ၅ နာရီအထိ တစ်နေ့ ၂ ကြိမ် သွားလာခွင့်ကို ကြေညာထားတယ်လို့ သိရပါတယ်။
လမ်းတစ်လျှောက် ကားလဲနေတာ၊ ကားကန့်လန့်ခံတာတွေ ၊ ကားပျက်လို့ဖယ်ရတာတွေ၊ ကားမှောက်တာတွေ၊ ချောက်ထဲကျတာတွေကိုဖြေရှင်းရင် အစီအစဉ်အတွင်း အပြောင်းအလဲတွေရှိနိုင်လို့ခရီးသွားတွေ ဓာတ်မီး၊ စောင်၊ ဆေးဝါးနဲ့အစားအသောက်တွေ ဆောင်ယူသွားကြဖို့လိုအပ်တယ်လို့ သိရပါတယ်။
ကားတွေ ပိတ်မိနေတဲ့ အကွာအဝေးဟာ မိုင်းပျဉ်းတောင်ထိပ်ကနေ ၁၆ မိုင်ရွာနဲ့ ဆင်မောင်းကနေ သံလွင်မြစ်၊ တာကော်တံတားထိပ် ၂ မိုင်ရွာ သံတံတားအထိဖြစ်ကာ လက်ရှိမှာတော့ ကားစီးရေ ၁ ထောင်ကျော် ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
MK-012









