မဲခေါင်၊ ဇွန် ၈
မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ရှိသင့်တာထက် လူဦးရေများပြားလွန်းနေလို့ အရေပြားနဲ့ရောဂါမျိုးစုံဖြစ်ပွားနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများ ကွန်ရက်က မနေ့ ဇွန် ၇ ရက်နေ့က ထုတ်ပြန်ကြေညာလာပါတယ်။
မြန်မာနိုင်ငံမှာ အကျဉ်းသားတွေအပေါ် ဖိနှိပ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်မှုမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ထောင်တွေအနက် မန္တလေးဗဟိုစံပြအကျဉ်းထောင်လဲပါဝင်ပြီး စစ်တပ်ရဲ့အစုအပြုံလိုက်ဖမ်းဆီးမှုကြောင့် အိုးဘိုထောင်မှာ လူဦးရေရှိသင့်တာထက်များပြားနေလို့ ကျောတခင်းစာနေရာပင် ကြပ်တည်းစွာအိပ်နေကြရပြီး အဝတ်အစားတွေလဲ လျှော်ဖွတ်တာ အလျင်မမီနိုင်လို့ အကျဉ်းသူ/အကျဉ်းသားနဲ့ကလေးတွေမှာ အရေပြားရောဂါမျိုးစုံဖြစ်ပွားနေရတယ်လို့ သိရပါတယ်။
“အိုးဘိုထောင်မှာ အဆောင်တွေစဆောက်ကတည်းက ငရဲခန်းလိုဖန်တီးဖို့ ဒီဇိုင်းထွင်ပြီး ဆောက်ခဲ့တာ၊ နိုင်ငံရေးအဆောင် နှစ်ဆောင်ပတ်ပတ်လည်မှာ လူတစ်ရပ်ထက်မြင့်တဲ့ အုတ်တံတိုင်းကာထားတဲ့အပြင် တံခါးတွေကိုပါ သံပြားနဲ့ကာထားလို့ အပြင်ကိုမြင်ဖို့ မပြောနဲ့ လေဝင်ဖို့တောင် မလွယ်တဲ့အနေအထား၊ တိုက်တွေဆိူလဲ တောင်မြောက်တန်းဆောက်ထားတော့ မန္တလေးရဲ့မနက်ခင်းနေနဲ့ကျနေကို အလူးအလဲ ခံရတာ၊ လေရချင်ရင်လက်အပြင်ထုတ်မှ လေတိုက်တာလေးခံရတာ၊ အဆောင်တွေဆို ၅၀ ပဲဆန့်တာကို ၁၅၀ နဲ့ ၂၀၀ ကြားထားတာ၊ တိုက်ဆို ၁ ယောက်စာကို ၄ /၅ ဦးထားတာ၊ ရောဂါတွေဖြစ်မှဖြစ်”လို့ အိုးဘိုထောင်မှာ ၁ဝနှစ်ကျခံခဲ့ဘူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၁ ဦးက မဲခေါင်ကို ပြောပါတယ်။
ယားနာပေါက်တာမှာ ဝဲပိုးကို ကော်ပြီး လက်သဲပေါ်တင်ထားရင် သွားနေတာကို မြင်ရပြီး အရေပြားတွေပေါ်မှာ ဝဲပိုးလမ်းကြောင်းအဖြူတွေထဲက ဝဲပိုးကို အပ်နဲ့ထွင်တာက ဆေးလိမ်းတာထက် မြန်မြန်သက်သာစေခဲ့တာကိုယ်တွေ့လို့ပြောပါတယ်။ ဂျပိုးဆိုတာ အိပ်နဲ့အထုပ်လိုက်ရှိနေပြီး ညအိပ်ရင် အုပ်လိုက်တက်ကိုက်ကြောင်း၊ ခြင်ဆိုလဲ အဝတ်မဲ ရေစိုနဲ့ထောင်တာကို တခါထောင်ရင်ကောင်ရေ ထောင်နဲ့ချီဖမ်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဝဲပေါက်လို့ ဆေးထိုးရာမှာလည်း အပ်မသန့်လို့ တင်ပါး ၂ ဖက်မှာ ပြည်တည်နာတွေဖြစ်ပြီး ခွဲထုတ်ခဲ့ရတာလဲ ပလပ်စတစ်သောက်ရေခွက်နဲ့တစ်ဝက်ကျော်အထိ ရခဲ့လို့ ခွဲစိတ်ထားတဲ့ဒဏ်ရာတွေ ခုထိရှိသေးတယ်လို့ ပြောပါတယ်။
“အဆောင်မှာ လူတွေကြပ်တာအပြင် ဖုန်တွေများတော့ ဖွတ်စအိုနာလို နှာခေါင်းတွင်းယောင်ယမ်းနာတွေ အများဆုံးဖြစ်တယ်၊ အမျိုးသမီးတွေဆိုရင် ပိုဆိုးတာပေါ့၊ ပြီးတော့ အမေနဲ့အတူပါလာတဲ့ကလေးလေးတွေ သိပ်သနားစရာကောင်းတာ”လို့ ပြောပါတယ်။
အစားအသောက်မှာလဲ မနက်ဆန်ပြုတ်ကို ရေနွေးထည့်ထားတာနဲ့ ဆော်ဒါထည့်ချက်ထားတဲ့ ထမင်းပွနဲ့မနက်စာ ပဲတွန်နဲ့ငါးပိတို့ဖြစ်ပြီး ညနေစာ အရွက်ပြုတ်၊ ငါးပိတို့ဖြစ်လို့အဟာရကို ထောင်ဝင်စာပေါ်မှီခိုခဲ့ရတာလို့ဆိုပါတယ်။ ဆော်ဒါပါတော့ ထမင်းကပွလို့ ပုံစံခေါ် တခါစားရိုက်ခွက်မှာ ပွပြီးပြည့်တော့ များတယ်ထင်ရပေမယ့် မဝတဲ့အပြင် ကြာလာတော့အသားအရေတွေ ဖောသွပ်သွပ်ဖြစ်လာတယ်လို့ပြောပါတယ်။
“ထောင်ကပေးတဲ့ ဆပ်ပြာက ကော့စတစ်များတော့ ကိုယ်တိုက်ရင် ပွေးနဲ့အရေပြားလောင်နာတွေဖြစ်တယ်၊ လူတိုင်းလိုပဲ၊ အဝတ်အစားလျှော်ပြီးရင် နေရတဲ့လှမ်းဖို့နေရာမလုံလောက်တာလဲပါတယ်၊ အုတ်တံတိုင်းပေါ် လှမ်းခွင့်မပြုလို့ မြေပေါ်ချလှမ်းရတော့လဲ အချိန်မီမခြောက်တော့ဘူး” ပြောပါတယ်။
အကျဉ်းထောင်လက်စွဲမှာ အကျဉ်းသားတစ်ယောက်အတွက် ၃ ပေ ၆ ပေ နေရာသတ်မှတ်ထားသလို အစားအသောက်မှာလည်း လုံးတီးဆန်လို အဟာရပြည့်ဝတဲ့ ဆန်မျိုးနဲ့ကျွေးမွေဖို့ပြောထားပေမယ့် စစ်အာဏာရှင်တွေလက်ထက်မှာတော့ အကျဉ်းသားဖြစ်သွားရင် လူ့အခွင့်အရေးမပြောနဲ့ လူသားတစ်ဦးလိုကို မဆက်ဆံခံရတော့တာဖြစ်လို့ မြန်မာနိုင်ငံအကျဉ်းထောင်တွေက လူမဆန်တဲ့လုပ်ရပ်တွေကို အများပြည်သူသိရှိပြီး ပြင်ဆင်နိုင်ဖို့ လိုအပ်တယ်လို့ ပြောဆိုပါတယ်။
လက်ရှိ အိုးဘိုထောင်မှာတော့ အကျဉ်းသား ၁ ဦးအတွက် ၁ ပေ ၄လက်မခန့်သာအိပ်စရာနေရာရနေသလို နိုင်ငံရေးအကျဉ်းသားတွေကိုမိသားစုဝင်မှ ထောင်ဝင်စာတွေ့ခွင့်ရတာမျိုးကန့်သတ်လိုက်လို့ ထောင်တွင်းအကြပ်အတည်းမျိုးစုံကြုံတွေ့နေရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ထောင်တွေကို (က)(ခ) အဆင့်တွေခွဲထားပြီး လူဦးရေနဲ့ပြစ်ဒဏ်အမျိုးအစား၊ ပြစ်ဒဏ်ကျကာလတွေကို ခွဲခြားထားကာ(က)ထောင်မှာ သေဒဏ်အထိနဲ့ (ခ)ထောင်မှာ ၁၀ နှစ်အထိဖြစ်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ အကျဉ်းထောင်ပေါင်း ၄၆ ထောင်ရှိရာက အခုစစ်ကောင်စီလက်ထက်မှာ အသစ်ဆောက်ထားတဲ့ ပဲခူးကန်တော်ကြီးနားက ထောင်ပါရင် ၄၇ ထောင်ရှိမှာဖြစ်ပြီး အဲဒီထောင်တွေထဲက ၃၈ ထောင်မှာနိုင်ငံရေးအကျဉ်းသားတွေကို မတရားအကျဉ်းချချုပ်နှောင်ထားနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇွန်လ ၇ ရက်က ထုတ်ပြန်ခဲ့တဲ့စာရင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရဆဲ (၂၀၅၇၈)ဦးရှိတယ်လို့ သိရပါတယ်။
MK-012








