မဲခေါင်၊ ဇွန် ၈
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ကနေ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့လာတဲ့ ဦးမင်းကိုဟာ ၆လ အတွင်းမှာ တာချီလိတ်မြို့နယ်အတွင်းမှာ မြေဂရန်ထုတ်ပေးတာ၊ လယ်ဖို့မြေတွေကို ဂရံထုတ်ပေးတာ၊ ကားတင်သွင်းခွင့်ပြုတာအပါအဝင် တရားမဝင် လုပ်ငန်းပေါင်းစုံက ထိုင်းဘတ်ငွေ သန်းဆယ်နဲ့ချီပြီး လာဘ်စားထားတယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။
တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ရပ်ကွက်အတွင်းက လယ်မြေကို အကွက်ရိုက်ပြီးလူနေအိမ်ဆောက်နေတဲ့ မြေကွက်တွေအပါအဝင် တာချီလိတ်ခရိုင်အတွင်း မြေဂရန်ထုတ်ပေးတာတွေကနေ ဘတ်ငွေ သန်းပေါင်းများစွာ လာဘ်စားထားပြီး မြေဂရံရရှိဖို့အတွက် တစ်ကွက်ကို ဘတ် သောင်းဂဏန်းကနေ နေရာကောင်းတဲ့ မြေကွက်တွေဆိုရင် ဘတ် ၅သိန်းအထိ ပေးရတယ်လို့ အိမ်ခြံမြေပွဲစားတွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“တာချီလိတ်က သူဌေးတွေ၊ ပွဲစားတွေက ခရိုင်အုပ်ချုပ်ရေးမှူးအသစ်မပြောင်းလာခင်ကတည်းက ပိုက်ဆံအိတ်လေးကိုင်ပြီး ကြိုဂါရဝပြုထားကြတာ။ အပြောင်းအမိန့်အော်ဒါကျကတည်းကပဲ”လို့ သူက ပြောပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကို တာချီလိတ်မြို့မရောက်ခင်မှာဘဲ ဂရန်မြေပေးမိန့်တွေထုတ်ဖို့ မြေပွဲစား၊ မြေခရိုနီတွေဟာ ငွေထုတ်လေးတွေပိုက် တန်းစီစောင့်ဆိုင်းခဲ့ကြသလို ခေတ်အဆက်ဆက်က ခိုးကြောင်ခိုးဝှက်နဲ့ လယ်မြေတွေထဲ အကွက်ရိုက် မြို့ကွက်သစ်ဖေါ်တဲ့လုပ်ငန်းတွေဟာ တောင်မြေတွေကိုဖြိုပြီး နေစဉ် ကားအစီးရေ ၁၀၀၀ လောက်နဲ့ မြေဖို့နေကြတာ ပွဲတော်ကြီးလိုဘဲလို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
လယ်ကွက်အတွင်းမြေဖို့က မြေကွက်တစ်ကွက်ကို ဘတ်သိန်းနဲ့ချီပေးရတာဖြစ်ပြီး ဦးမင်းကိုဆီတိုက်ရိုက်ပေးရတာမဟုတ်ဘဲ စာရေးကတဆင့်ငွေပေးရတာလို့ အဲဒီဒေသခံက ဆိုပါတယ်။
မြို့ပေါ်မှာ အများပြည်သူပိုင်တဲ့ မြေဆိုလို့ သင်္ချိုင်းမြေတောင် မကျန်တော့အောင် နာမည်တွေဖေါက်ကြသလို လယ်သမားတွေဆီက အောက်ဈေးနဲ့ လယ်မြေကိုနှိုက်ဝယ်ပြီးရင် ဂရန်အမည်ပေါက်ဖြစ်သွားတာ ဘယ်လိုတန်ခိုးတွေနဲ့ ဥပေဒတွေကို ပြောင်းလိုက်လဲ မသိအောင်ပါဘဲလို့ ဒေသခံတွေပြောကြပါတယ်။
ဒါ့အပြင် ချစ်ကြည်ရေးတံတားပေါ်က တရားမဝင် ကုန်သွင်းတဲ့ လုပ်ငန်းရှင်တွေဆီကလဲ လစဉ်အလိုက် လာဘ်ငွေရယူပြီး ပြည်နယ် ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ လူကြီးတွေလာရင်လဲ ခေါင်းစဉ်အမျိုးမျိုးနဲ့ အလှူခံထည့်ဝင်ရတယ်လို့ အဲဒီလုပ်ငန်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
တာချီလိတ် ခရိုင်အတွင်းမှာ တရားမဝင်အလုပ်တွေဖြစ်တဲ့ ရွေတူးဖေါ်မှု သတ္တုတူးဖေါ်မှုနဲ့ လိုင်စင်မဲ့ကားသွင်းလုပ်ငန်းတွေကလဲ နည်းအမျိုးမျိုးနဲ့ လာဘ်ငွေတွေရယူနေတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
ဒေသခံ တိုင်းရင်းသားတွေက တစ်ရက်ဘတ် ၃၀၀ ဝင်ဖို့ မနည်းရုန်းကန်နေရချိန်မှာ တရုတ်လူမျိုးတွေနဲ့ အဂတိလုပ်ငန်းပေါင်းစုံက ခရိုင်အုပ်ချုပ်ရေးမှူးလို လူတစ်စုကတော့ KTV မှာ တရက်ကို ဘတ်သိန်းဂဏန်းအထိ ဖြုန်းနေသုံးနေကြတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာချီလိတ်မြို့က KTV တွေဟာ ၁ ခန်းကို ဘတ်သောင်းဂဏန်းကနေ ညလုံးပေါက်ကို ဘတ် ၂သိန်းနီးပါးအထိ ကုန်ကျတဲ့ အခန်းတွေရှိပါတယ်။
ခရိုင်အုပ်ချုပ်ရးမှူး ဦးမင်းကိုရဲ့ ဇနီးဟာ ပြည်တွင်းမှာ နာမည်ကြီးနေတဲ့ တီဗီအစီအစဉ်တစ်ခု ဖြစ်တဲ့ Master Chfe အစီအစဉ်မှာ နာမည်ရလာသူ မအေးအေးသိန်းဖြစ်ပြီး ဦးမင်းကို တာချီလိတ်ခရိုင်မှာ တာဝန်ထမ်းဆောင်လို့ ၆ လမပြည့်ခင်မှာဘဲ သိန်း ၇၀၀၀ အိမ်ကြီးတစ်လုံး ရန်ကုန်မြို့ပေါ်မှာ ဆောက်လုပ်ပြီးသွားခဲ့တာဖြစ်ပါတယ်။
အဲဒီအိမ်ကို ဆောက်လုပ်ပြီးစီးကြောင်း မေလအတွင်းမှာ သတင်းတွေပျံ့နှံ့လာတာဖြစ်ပြီး အဲဒီအချိန်ဟာ ဦးမင်းကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပြီး ၅လအကြာ ဖြစ်ပါတယ်။ လူမှုကွန်ယက်တချို့မှာတော့ မအေးအေးသိန်းရဲ့ ချွေးနည်းစာစစ်စစ်နဲ့ ဆောက်လုပ်ထားတာလို့ ဖော်ပြတာကို မဲခေါင်သတင်းဌာနက တွေ့ရပါတယ်။
ဦးမင်းကိုနဲ့ မအေးအေးသိန်းမှာ သားတဦး၊ သမီးတဦးရှိပြီး Facebook ပေါ်မှာ နာမည်ကြီးတဲ့ မအေးအေးသိန်းဟာ သူရဲ့လူမှုကွန်ယက်ပေါ်မှာတော့ သူ့ယောက်ျားအကြောင်းနဲ့ ဓာတ်ပုံတွေ လုံးဝဖော်ပြထားခြင်းမရှိပါဘူး။
တာချီလိတ်မြို့မှာ အရင်က တာဝန်ကျသွားတဲ့ ဗျူဟာမှူးဗိုလ်မှူးချုပ် မင်းမင်းထွန်းဟာလည်း အခုလို လာဘ်စားတဲ့နေရာမှာ နာမည်ကြီးခဲ့ပြီး ပြီးခဲ့တဲ့လပိုင်းအတွင်းက ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲမှာ သေဆုံးသွားခဲ့ပါတယ်။








