မဲခေါင်၊ ဇွန် ၈
ရှမ်းတောင်မှာ စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်တိုက်ခိုက်နေတဲ့ PNLO/PNLA က ပထမဆုံးရန်ပုံငွေရှာဖွေပွဲဖြစ်တဲ့ “ဝေဟင်ကိုထိန်းမြေပြင်သိမ်း” ကမ်ပိန်းကို မနေ့ ဇွန် ၇ ရက် ည ၇ နာရီမှာ အွန်လိုင်းကနေ ဖွင့်ပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဖွဲ့ပွဲကို PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်း၊ PNLO ဥက္ကဌ ဗိုလ်ချုပ် ခွန်သူရိန်၊ KNFC ဥက္ကဌ ခွန်မြင့်ထွန်း၊ NUGက လျှပ်စစ်နဲ့စွမ်းအင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း၊ ကမ်ပိန်းကို နိုင်ငံတကာမှာ ကမကထပြုလုပ်တဲ့ United Born France က မမေထက်၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ CDM ဗိုလ်ကြီး ထက်မြက် ၊ ဒါရိုက်တာ ကိုပေါက်တို့က အမှာစကားများ ပြောကြားခဲ့တာ တွေ့ရပါတယ်။
သွယ်ဝိုက်ကူညီရာကနေ တည့်တိုက်ပွဲနဲ့ နွေဦးတိုက်ပွဲ ကို ဝင်ရောက်လာရာမှာ ပြင်ဆင်မှုနည်းပါးခဲ့လို့ လိုအပ်ချက်တွေရှိခဲ့တာဖြစ်လို့ ဒီကမ်ပိန်းကိုပြုလုပ်ရတာလို့ မှူးကြီးခွန်အောင်မန်းက ပြောသလို ဗိုလ်ချုပ်ခွန်သူရိန်ကလည်း သွေးမထွက်၊ လူမသေတဲ့ နည်းနဲ့လုပ်လို့မရလို့ သွေးထွက်၊ လူသေရတဲ့ လက်နက်ကိုင်နိုင်ငံရေးကို လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ ပြောကြားသွားသလို တိုင်းပြည်ကလူငယ်တွေရဲ့အနာဂတ်ကိုကျွန်စနစ်ကနေ လွတ်မြောက်အောင်ဆောင်ရွက်သွားမယ်လို့ ပြောကြားသွားပါတယ်။
PNFC ဥက္ကဌ ခွန်မြင့်သိန်း ကမူ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်မှာစတင်ခဲ့တဲ့ မြေရှင်ပဒေသရာဇ်စနစ်ကိုတောလှန်ခဲ့တဲ့ ပထမတော်လှန်ရေးဟာ ၁၉၅၈ ခုနှစ်မှာ အောင်မြင်ခဲ့ပေမယ့် စစ်အာဏာရှင် ဦးနေဝင်းကိုတော်လှန်တဲ့ ၁၉၆၆ ခုနှစ်မှာ ဒုတိယတော်လှန်ရေးမှာတော့ လုံပါးပါးပြီး တစ်ခန်းရပ်ခဲ့ရတယ်လို့ပြောပါတယ်။
၂၀၀၉ မှာ ဒီဇင်ဘာမှာ ပြုလုပ်ခဲ့တဲ့ ပအိုဝ်းညီလာခံကနေ ဖွဲ့စည်းလိုက်တဲ့ PNLO/PNLA ကချမှတ်ခဲ့တဲ့ မူဝါဒ ၄ချက်ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးကိုအခြေခံတဲ့ အမျိုးသားလွတ်မြောက်ရေး၊ အဖိနှိပ်ခံ ဘဝတူတိုင်းရင်းသားညီအကို တွေနဲ့အတူ တောင်ပေါ်မြေပြန့်ပူးတွဲတိုက်ပွဲဝင်ရေး၊ စစ်အာဏာရှင်ဖိနှိပ်ချုပ်ချယ်မှုအောက်ကလွတ်မြေက်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ရန်သူနဲ့စေ့စပ်အညံ့ခံရေးကို ပြင်းထန်စွာဆန့်ကျင်ပြီး ရန်သူရဲ့လက်ကိုင်တုတ်အဖြစ်မခံရေး တို့ကို ယခု KNFC က ဆက်လက်စွဲကိုင်ထားပြီး ပအိုဝ်းအရေးသည် ပြည်ထောင်စုအရေး၊ ပြည်ထောင်စုအရေးသည် ပအိုဝ်းအရေးဟု ခံယူကာ နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးဖြစ်လို့ အားလုံးဝိုင်းဝန်းလုပ်ဆောင်သွားကြဖို့ပြောကြားသွားပါတယ်။
အခြားသူတွေကလဲ ဒရုန်းတွေရဲ့ စစ်ရေးဆိုင်ရာ အားသာချက်နဲ့ ရန်သူကို အောင်မြင်အောင် တိုက်ခိုက်နိုင်စွမ်းရှိလို့ ကမ်ပိန်းအောင်မြင်ရေး ၀ိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းသွားကြပါတယ်။
ဝေဟင်ကိုထိန်း မြေပြင်သိမ်းဒရုန်း တော်လှန်ရေးရန်ပုံငွေကမ်းပိန်းကို ဇွန်လ ၄ ရက်ကနေ ဇူလိုင်လ ၇ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး မဲလက်မှတ်ကို မြန်မာငွေကျပ် ၃ သောင်းနှင့် တိုင်းပြည်နိုင်ငံအသီးသီးက သတ်မှတ်စျေးနှုန်းများဖြင့် ပါဝင်ကူညီနိုင်ကာ ဆုမဲများစွာပြန်လည်ကျေးဇူးပြုသွားမှာလို့ ဖော်ပြထားပါတယ်။
ယင်းကမ်ပိန်းကို United Born France က Organize ပြုလုပ်ပြီး CRPH-OFP Fundraising Program က Support ပေးထားတာဖြစ်ပြီး မဲလက်မှတ်တွေကို Fundraising TEAM တွေရဲ့ Link တွေကို ဆက်သွယ်ဝယ်ယူနိုင်တယ်လို့သိရပါတယ်။
MK-012








