မဲခေါင် မေ ၂၂
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မှာ မေ ၂၁ ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စိုက်ခင်း ၁၀ ဧကကျော်နဲ့ လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီး၊ နောင်ကတူးကျေးရွာမှာ မိုးသက်လေပြင်း ဖြစ်ပွားခဲ့ပြီး အာလူးစိုက်ခင်းအများစု ပျက်စီးသွားတယ်လို့ တောင်သူတွေကဆိုပါတယ်။
တောင်သူတစ်ဦးက “စိုက်ထားတာ ဘယ်လောက်မှတောင် မကြာသေးဘူး။ အကုန်ပျက်စီးကုန်ပြီ။ ပိုးသတ်ဆေး၊ မြေဩဇာတွေတော်တော် ရင်းထားရတာ ဒီခေတ်ကုန်ဈေးနှုန်းနဲ့ဆို မလွယ်ဘူးလေနော်။ အိမ်လည်း ပြန်ပြင်ရမှာဆိုတော့ ပိုက်ဆံ တော်တော်စုရဦးမယ်” လို့ ပြောပါတယ်။
အလားတူ တစ်ရက်ထဲမှာဘဲ ဖယ်ခုံ – ပင်လောင်းနယ်စပ်က ဆောင်လန် စစ်ဘေးရှောင်စခန်းမှာ မိုးသက်လေပြင်း ကျရောက်မှုကြောင့် စစ်ရှောင်တဲ ၄ လုံး ပျက်စီးခဲ့ပြီး အဝတ်အစားနဲ့ အသုံးအဆောင် ပစ္စည်းတွေ ဆုံးရှုံးခဲ့ပါတယ်။
အခု မေလအတွင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနေအိမ် အလုံး ၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး ခေတ်ကာလပေါက်ဈေးအရ ငွေကျပ်သိန်း ထောင်ကျော် နစ်နာမှုရှိတယ်လို့ ဒေသခံတွေဆီက စုံစမ်း သိရပါတယ်။
MK-014









