မဲခေါင်၊ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီ အကာအကွယ်နဲ့ ငွေရည်ပုလဲ ကုမ္ပဏီ ကျောက်မီးသွေး တူးဖော်နေတာကြောင့် ရေဝေဒေသတွေ ပျက်စီးနေတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်-SHRF က မနေ့ နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
သီပေါမြို့နယ်၊ နမ္မကျေးရွာအုပ်စုက ဒေသခံ ပြည်သူ ၃,၀၀၀ ကျော်ရဲ့ ရေအရင်းအမြစ်ဒေသ ဖြစ်သလို လယ်ဧက ရာနဲ့ချီ ရေရရှိရာ ဒေသဖြစ်တဲ့ ဟိုနားဖ ရေဝေတောအုပ်မှာ ငွေရည်ပုလဲကုမ္ပဏီက ကျောက်မီးသွေး တူးဖော်နေတာလို့ ဆိုပါတယ်။
စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ဥပဒေ ကင်းမဲ့လာတာကို အခွင့်ကောင်းယူပြီး အဆိုပါ ကုမ္ပဏီဟာ ဟိုနားဖ ရေဝေဒေသမှာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက စတင် စမ်းသပ် တူးဖော်ခဲ့တာ ဖြစ်ပါတယ်။
ယခုနှစ် စက်တင်ဘာ ၅ ရက်မှာတော့ နမ္မဒေသခံ ၂၅၀ ကျော်ကို အစည်းအဝေးခေါ်ကာ နမ္မဒေသ လယ်မြေဧက ၂၇၉၆ ဒသမ ၇၅ မှာ ကျောက်မီးသွေး တူးဖော်ခွင့်ကို စစ်ကောင်စီ ၅ နှစ် ခွင့်ပြုပြီး ဖြစ်တာကြောင့် ဒေသခံတွေ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဆက်လက် တူးဖော်သွား ဆိုပြီး ငွေရည်ပုလဲကုမ္ပဏီက အသိပေးသွားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၅ ရက်မှာတော့ ငွေရည်ပုလဲကုမ္ပဏီ ကိုယ်စားလှယ် ရောက်ရှိလာပြီး ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု အတွက် ငွေကျပ်သိန်း ၂၅၀ ပေးခဲ့ရာ လယ်ပိုင်ရှ င်တစ်ဦးကို ငွေကျပ် ၃ သိန်းသာ ရရှိခဲ့ပြီး ကျန်ရွာသားတွေ ကတော့ ငွေကျပ် ၅ သောင်းခန့်သာ ရရှိခဲ့တယ်လို့ SHRF ကပြောပါတယ်။
ငွေရည်ပုလဲကုမ္ပဏီဟာ နမ္မဒေသမှာ ၂၀၀၄ ခုနှစ်ကတည်းက စစ်ကောင်စီနဲ့ အကျိုးတူ လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိ တူးဖော်နေတဲ့ ကျောက်မီးသွေးတွင်းဟာ ၄ ကြိမ်မြောက် တူးဖော်တဲ့တွင်း ဖြစ်တယ်လို့ သိရပါတယ်။
ဟိုနားဖ ရေဝေဒေသမှာ ၂၀၂၁ ခုနှစ် ငွေရည်ပုလဲကုမ္ပဏီ ကျောက်မီးသွေး စမ်းသပ်တူးဖော်စဥ် အနီးက လယ်မြေတွေ ပျက်စီးခဲ့တဲ့အပြင် ရေထွက်ပေါက်တွေ ပျက်စီးခဲ့တာကြောင့် ဒေသခံတွေက ကျောက်မီးသွေး တူးဖော်မှု ရပ်တန့် စေလိုနေကြတာ ဖြစ်ပါတယ်။
ယခုနှစ် အစောပိုင်းမှာလည်း သီပေါမြို့နယ်မှာ လုပ်ရှားနေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ကို ဒေသခံတွေက အကူအညီတောင်းခဲ့ပြီး ငွေရည်ပုလဲကုမ္ပဏီ ထုတ်ကုန်တွေဖြစ်တဲ့ Crown ဘိလပ်မြေနဲ့ ဆင်းရွှေလီ သကြား စတဲ့ ထုတ်ကုန်တွေ သပိတ်မှောက်ကြဖို့ သီပေါမြို့နယ်က လူငယ်တွေ တောင်းဆိုထားပါတယ်။
MK-007
#MeKongNews
#သီပေါ
#ငွေရည်ပုလဲ_ကုမ္ပဏီ
#ကျောက်မီးသွေး








