မဲခေါင်၊ နို၀င်ဘာ ၂၂
စစ်ကောင်စီ ဦးဆောင် ကျင်းပတဲ့ ၂၀၂၃ ခုနှစ်၊ တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ဖွင့်ပွဲ ဒီကနေ့ ကျင်းပရာ လာရောက် လည်ပတ်သူ နည်းပါးလွန်းတာကြောင့် ပွဲလာကြဖို့ တောင်ကြီးမြို့တွင်း လော်စပီကာနဲ့ လိုက်အော် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ တောင်ကြီးမြို့မှာ သာမက အနီးတဝိုက်ရှိ မြို့တွေမှာ တစ်နိုင်ငံလုံးက ခရီးသွား ဧည့်သည် အများအပြား လာရောက် လည်ပတ်နေပေမယ့် တန်ဆောင်တိုင် မီးပုံးပျံဖွင့်ပွဲ လာရောက်သူ နည်းပါးနေတယ်လို့ ဆိုပါတယ်။
“မြို့ထဲမှာတော့ လက်ဖက်ရည်ဆိုင်က အစ ဧည့်သည်တွေချည်းပဲ။ လော်နဲ့လည်း တစ်မြို့လုံး လိုက်အော်တာ ပွဲလာကြည့်ကြဖို့၊ (မီးပုံးပျံ ပြိုင်ပွဲ) မဲပေးကြဖို့ကို။ ပွဲထဲမှာကျ လူက မရှိသလောက်ပဲ။ မီးပုံးပျံကွင်းနားထက် မြို့ထဲက ကားပိုကြပ်နေတယ်” လို့ တောင်ကြီးမြို့ခံ တစ်ဦးက ပြောပါတယ်။
ယခင်က တောင်ကြီး တန်ဆောင်တိုင် ဖွင့်ပွဲနေ့ဟာ အစည်ကားဆုံးဖြစ်ပြီး လူသိန်းချီ လာရောက်လေ့ရှိရာ လက်ရှိ စစ်ကောင်စီ ကျင်းပတဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲမှာတော့ လူထောင်ဂဏန်းပင် မလာလို့ အ.ထ.က ကျောင်း တစ်ကျောင်းကို ကျောင်းသား ၂၀၀ ဖွင့်ပွဲ ဖဲကြိုးဖြတ်ပြီးတဲ့အထိ ပွဲကြည့်ဖို့ စစ်ကောင်စီက အမိန့်ထုတ်ခဲ့ရပါတယ်။
လက်ရှိ တောင်ကြီးမြို့ အနှံ့ လမ်းကြိုလမ်းကြားပါ မကျန် လုံခြုံရေး ချထားတဲ့အပြင် ဒီနေ့ ညနေ အစောပိုင်း ကတည်းက မီးပုံးပျံကွင်းနဲ့ ၂ မိုင်ကျော်ဝေးတဲ့ ဝါးပြားလမ်းဆုံက စပြီး တောင်ဖက်မုဒ်ဦး အထိ လမ်းပိတ်ကာ ဝင်ခွင့်ကတ်ပြား မပါတဲ့ ယာဥ်တွေကို ဖြတ်သန်းခွင့် မပြုဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
“ဟိုပုံးက ပြန်လာတာ ဝစ်သောက် (လိုင်စင်မဲ့) ကားတွေ ကွင်းထဲ ပေးမဝင်ဘူးတဲ့။ မုဒ်ဦးအောက်ကနေ စပိတ်ထားတာ။ ဝှီးတက်ပါမှ ပေးဝင်မယ်ဆိုပြီး စာကပ်ထားတာ။ ညနေ ၆ နာရီကျော် အထိကို လမ်းက ရှင်းနေတာပဲ” လို့ တောင်ကြီးမြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
လက်ရှိ ပွဲဈေးတန်းခင်းတဲ့ ကျောက်တလုံး လမ်းမ တလျှောက်မှာတော့ ဆိုင်ခန်း ၃၀ ဝန်းကျင်သာ လာရောက် ဖွင့်လှစ်ထားပြီး ကွင်းထဲက ဆိုင်တွေ အပါအဝင် ဆိုင်ခန်း ၅၀ ခန့်သာရှိလို့ အရင်က ပွဲတော်တွေထက် အဆမတန် နည်းပါးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မီးပုံးပျံ ပြိုင်ပွဲ ဆုပေးရာမှာ အရင်က ကျင့်သုံးခဲ့တဲ့ အကဲဖြတ်ဒိုင် ဆုံးဖြတ်ပေးတဲ့ စနစ် အစား စစ်ကောင်စီက MPT ဆင်းမ်ကတ်နဲ့ မဲပေးရမယ့် စနစ် ပြောင်းလဲ သတ်မှတ်လိုက်လို့ တောင်ကြီး ဒေသခံတွေ အပြင်းအထန် ကန့်ကွက်နေပါတယ်။
စစ်ကောင်စီ ဦးဆောင် ကျင်းပတဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲ မလည်ပတ်ဖို့ တော်လှန်ရေး အင်အားစုတွေ သတိပေးခဲ့ပြီးနောက် ပြည်သူတွေ ကြားမှာ ဆိုင်ခန်းငှားတဲ့ လုပ်ငန်းတွေကို သပိတ်မှောက်ဖို့နဲ့ သွားရောက် လည်ပတ်သူတွေ အသက်အန္တရာယ် ဖြစ်နိုင်တဲ့အတွက် မသွားဖို့ လှုံ့ဆော်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
CJ-001
#MeKongNews
#တောင်ကြီး
#တန်ဆောင်တိုင်
#မီးပုံးပျံပွဲ
#စစ်ကောင်စီ








