မဲခေါင်၊ နိုဝင်ဘာ ၈
TNLA က ဖမ်းဆီးထားတဲ့ ရှမ်းလူငယ်ကွန်ရက်-TYO ခေါင်းဆောင် တစ်ဦးဖြစ်သူ စိုင်းမောဝ်အွန်ကို ပြန်လွှတ်ပေးဖို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA ကို ရှမ်းအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာမှာ နေထိုင်တဲ့ စိုင်းမောဝ်အွန် ဟာ နိုဝင်ဘာ ၇ ရက်နေ့မှာ စစ်ဘေးရှောင်တွေ ခိုလှုံနိုင်ဖို့ သွားလာ ဆောင်ရွက်စဉ် TNLA အဖွဲ့ရဲ့ ဖမ်းဆီးမှု ခံခဲ့ရတာလို့ TYO က ဒီကနေ့ ထုတ်ပြန်ပါတယ်။
စိုင်းမောဝ်အွန် ဟာ ဒေသတွင်း လူမှုကူညီရေး လုပ်ငန်းတွေ တစိုက်မတ်မတ် ကူညီဆောင်ရွက်နေသူသာဖြစ်ပြီး လက်ရှိ အာဏာရှင် အဖွဲ့အစည်းနဲ့ ပတ်သက် ဆက်နွယ်သူ မဟုတ်တာကြောင့် ညီနောင် တိုင်းရင်းသားများ စည်းလုံး ညီညွတ်မှုကို ထောက်ရှူပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ TYO က ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
ဒါ့အပြင် စိုင်းမောဝ်အွန် ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်-SNLD ရဲ့ စယ်လန့်ကျေးရွာအုပ်စု အလုပ်အမှုဆောင် ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူတွေကို ကူညီ ဆောင်ရွက်နေစဉ် နေအိမ်ရှေ့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ SNLD ပါတီရဲ့ လူငယ်ရေးရာ ကော်မတီက ထုတ်ပြန်ပါတယ်။
ဒါကြောင့် စိုင်းမောဝ်အွန်ဟာ လက်နက်ကိုင် ပဋိပက္ခအတွင်း ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်ခြင်း မရှိဘဲ လူသားချင်း စာနာတဲ့ အကူအညီပေးရေး လုပ်ငန်းကိုသာ လုပ်ဆောင်နေသူ ဖြစ်တာကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်း အနေနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ SNLD ပါတီရဲ့ လူငယ်ရေးရာ ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
CJ-002
#MeKongNews
#TNLA
#SNLD
#ဖမ်းဆီး








