မဲခေါင်၊ ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အနီး၊ လားရှိုး – သိန္နီ ပြည်ထောင်စု လမ်းမပေါ်ရှိ နမ္မတူ ချောင်းကူး သိန္နီတံတားကို တန် ၈၀ ထိ ခံနိုင်ဝန် ရှိတဲ့ သံဘောင်တံတား ပြန်လည် ပြုပြင်ပြီးပြီ ဖြစ်ကြောင်း ကိုးကန့်သတင်းနဲ့ ကုန်သည်၊ ကားသမား တွေဆီက သိရပါတယ်။
“ သံဘောင် တံတား ဟုတ်တယ်။ တန် ၈၀ ထိ ဖြတ်လို့ ရတယ် ပြောတယ်။ ပြီးတာတော့ ၈ ရက်နေ့ ကတည်းက ပြီးသွားပြီ။ MNDAA ကတာ” လို့ ကုန်သည် တစ်ဦးက ပြောပါတယ်။
ကားတွေ ဖြတ်သန်းသွားလာရတာ ခက်ခဲတဲ့ အပြင် ကြံစိုက်တောင်သူတွေ ကြံ သယ်ပို့ဖို့ လိုအပ်လာတာကြောင့် အမြန်ဆုံး ပြုပြင်ခဲ့တာ ဖြစ်ပြီး တံတားဟောင်းရဲ့ မူလအုတ်မြစ်ကို အခြေခံပြီး ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို ဖျက်ထုတ်လိုက်ကာ တန်ချိန် ၈၀ ခံနိုင်တဲ့ သံမဏိတံတားသစ် ပြန်လည် ဆောက်ခဲ့ေကြာင်း ကိုးကန့် သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီ တံတားကို ဖေဖော်ဝါရီ ၃ ရက်နေ့က စတင်တည်ဆောက်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ တရားဝင်ပြီးစီးခဲ့ကာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် တရားဝင်ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
“ သိန္နီ မြို့နယ်နဲ့ လားရှိုးမြို့နယ် နယ်စပ်မှာ မဖြတ်ခိုင်းဘူး။ လားရှိုးထိ သွားလို့ မရဘူး။ သိန္နီကနေ ဆင်းလာရင် မိုင်းလီရွာထိပဲ သွားလို့ရတယ်။ မိုင်းလီရွာကနေ ဟိုပိတ်ကို ကွင်းပြီးမှ လားရှိုးသွားလို့ရတယ်။ ကားကြီးတော့ ကွင်းလမ်းကနေ မရဘူး။” လို့ ကားသမား တစ်ဦးက ပြောပါတယ်။
သံဘောင် တံတား အောက်မှာလည်း ကားလေးတွေနဲ့ လူ ကူး ယာယီ တံတားကို ဖေဖော်ဝါရီ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ သိန္နီ တံတားဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း MNDAA နဲ့ ပူးပေါင်း အဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့လို့ ကျိုးကျခဲ့တာ ဖြစ်ပြီး အခု MNDAA အဖွဲ့ကပဲ သံဘောင်တံတား ပြန်ဆောက်လိုက်တာ ဖြစ်ပါတယ်။
CJ-008