မဲခေါင်၊ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ပေါ်မှာ ပိတ်မိနေတဲ့ ပြည်သူတွေ အခြေခံစားသောက်ကုန် ရိက္ခာ ပြတ်လပ်နေပြီလို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။
လောက်ကိုင်မြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တာကြောင့် မြို့ကို အလုံးအရင်းနဲ့ စွန့်ခွာနေပေမဲ့ ပိတ်မိနေတဲ့ ပြည်သူ ထောင်နဲ့ချီ ရှိနေသေးတယ်လို့ ဆိုပါတယ်။
“ထွက်လို့မှ မရတာ။ ရလည်း မြို့ပြင်လောက်ပဲလေ။ မြို့ထဲ အများစု ကျန်တာတော့ သက်ကြီးရွယ်အိုတွေနဲ့ လူငယ်တွေ ကျန်တာ။ အခုတော့ မီးပြတ်၊ ရေပြတ်၊ ဂတ်စ်ကုန် ဘာတစ်ခုမှ မလုံလောက်တော့ဘူး။ ဆန်ရှိလည်း ချက်စားလို့ မရတဲ့အဆင့် ဖြစ်နေပြီ။ တစ်ချို့ ထမင်းမစားရတာ။ သုံးလေးရက် ရှိနေပြီလည်း ကြားတယ်” လို့ သူကရှင်းပြပါတယ်။
လက်ရှိ လောက်ကိုင်မြို့တွင်းမှာ ဆန်၊ ဆီ၊ ခေါက်ဆွဲ စတဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်တောက်လုနီးပါး ဖြစ်နေသလို စျေးနှုန်းတွေ ၃ ဆကျော် မြင့်တက်သွားတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“တစ်ချို့ ဂိုထောင်တွေက ထုတ်ရောင်းတာမျိုးတော့ ရှိတယ်။ စျေးကတော့ မြောက်နေရောပဲ။ ဆန်ကတော့ သိပ်မရတော့ဘူး။ ဆီတော့ လိုက်ရှာဝယ်ရင် ရသေးတယ်။ ပုံးဝါတစ်ဗုံး အပြည့်ဆို ယွမ် ၃၅၀၀ လောက်ပေါက်တယ်” လို့ သူကရှင်းပြပါတယ်။
လက်ရှိ မြို့တွင်းမှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က တရုတ် လူမျိုးတွေကို အဓိကထား ဖမ်းဆီးပြီး တိုက်ပွဲ ဖြစ်လာတော့မယ်လို့ ပြောဆိုကာ တရုတ်ပြည်ဘက် ပြန်ပို့နေလို့ မြို့နေ ပြည်သူတွေ ပိုပြီး စိုးရိမ်ထိတ်လန့် နေကြတယ်လို့ သိရပါတယ်။
ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပြီး လမ်းတံတားတွေ ကျိုးပျက်နေတာ၊ တိုက်ပွဲ အခြေအနေတွေအရ လမ်းပိုင်းတွေ သွားလာခွင့် ပိတ်ပင်ထားတာတွေကြောင့် လောက်ကိုင်မြို့တွင်း ပိတ်မိနေကြတာ ဖြစ်ပါတယ်။
လောက်ကိုင်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်-ဒကစ လက်အောက်ခံ ခမရ (၁၂၉) တပ်ရင်းမှူး၊ ဗိုလ်မှူး ကျော်ရဲအောင် ဦးစီးတဲ့ စစ်ကောင်စီတပ်သား ၁၂၇ ဦး MNDAA တပ်ဖွဲ့ထံ နိုဝင်ဘာ ၁၂ ရက်က လက်နက်ချပြီးနောက် လောက်ကိုင်မြို့နဲ့ ၇ မိုင်အကွာ ရောက်ရှိနေပြီး မကြာခင် မြို့ကို ဝင်ရောက် တိုက်ခိုက်တော့မယ်လို့ ညီနောင် မဟာမိတ်တပ်က အသိပေးထားပါတယ်။
စစ်ကောင်စီကတော့ ကိုးကန့်အုပ်ချုပ်ရေမှူး ဦးမြင့်ဆွေ ကို ထုတ်ပယ်ပြီး ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် ကို ပြောင်းလဲ ခန့်အပ်ကာ လောက်ကိုင်မြို့တွင်း အခိုင်အမာ ခံစစ် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
MK-007
#MekongNews
#KNLA
#လေကြောင်း_တိုက်ခိုက်
#ရွှေကျင်မြို့နယ်