မဲခေါင်၊ ဖေဖော်ဝါရီ ၂၃
မြန်မာပြည်သူတွေမျှော်လင့်တဲ့ ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံကို အားလုံးစုပေါင်းရုန်းကန်တည်ဆောက်ဖို့ အချိန်အခါသင့်နေပြီလို့ တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
နှစ်ပတ်လည်အစည်းအဝေးပြီး ထုတ်ပြန်တာဖြစ်ပြီး စစ်အာဏာရှင်စနစ်က လွတ်မြောက်ဖို့ ကြိုးပမ်းနေတဲ့ လက်ရှိမြန်မာနိုင်ငံအခြေအနေမှာ သုံးသပ်တာ၊ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စတင်ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို သုံးသပ်တာ၊ အဖွဲ့အစည်းရဲ့ ၁ နှစ်တာ လုပ်ငန်းတွေကို ပြန်လည်သုံးသပ်တာတွေနဲ့ လုပ်ငန်းဌာနဆိုင်ရာတွေကို အားဖြည့်ပြင်ဆင်တာတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ပိုင်း ၃ ဖွဲ့ဟာ ဖိအားပေါင်းစုံကြောင့် အပစ်အခတ်ရပ်စဲခဲ့ရပေမယ့် ဒေသတွင်းပြည်သူတွေမှာ စစ်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဆက်တိုက်ခံစားနေရသလို နိုင်ငံအနှံ့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပြီး မြန်မာပြည်သူတွေမျှော်လင့်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို အားလုံး စုပေါင်းရုန်းကန်တည်ဆောက်ဖို့ အချိန်အခါသင့်နေပြီလို့ ယင်းအစည်းအဝေးကြီးက ရှုမြင်တယ်လို့ ဖော်ပြထားပါတယ်။
၁၀၂၇ မှာ ထိန်းသိမ်းရရှိခဲ့တဲ့ မြို့ ၇ မြို့အပါအဝင် TNLA အခြေစိုက်ထားတဲ့ နယ်မြေဒေသတွေကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေးကျန်းမာရေးနဲ့ လူမှုဖွံ့ဖြိုးမှုလုပ်ငန်းတွေကို ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားမှာဖြစ်ပြီး၂၀၂၅ ခုနှစ်မှာ လူထုဆန္ဒအခြေခံတဲ့ လူထုအုပ်ချုပ်မှုအစိုးရပေါ်ပေါက်လာရေး ကြိုးပမ်းသွားမယ်လို့ ပါရှိပါတယ်။
ယင်းနှစ်ပတ်လည်အစည်းအဝေးကို လူထုအပါအဝင် ၁၈၅ ဦးတက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၁ ရက်အထိ တအင်းတပ်မတော် TNLA မှာပြုလုပ်တဲ့ PSLF ရဲ့ နှစ်ပတ်လည်အစည်းအဝေးကနေ ဒီနေ့ထုတ်ပြန်ချက်တဲ့ ထုတ်ပြန်ချက်အမှတ်(၂/၂၀၂၃၄)ကို ထုတ်ပြန်ခဲ့တာပါ။
MK-012