မဲခေါင်၊ ဒီဇင်ဘာ ၂
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်က နမ့်ပေါ် တံတား တပ်စခန်းကို TNLA တပ်ဖွဲ့ ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒီကနေ့ မနက် အစောပိုင်းမှာ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅) မိုင် နဲ့ နမ့်အွမ်ရွာကြားက စစ်ရေးအရ အရေးပါတဲ့ နမ့်ပေါ် တံတား တပ်စခန်းကို TNLA တပ်ဖွဲ့ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက် ခဲယမ်း အများအပြား ရရှိခဲ့တယ်လို့ ဆိုပါတယ်။
” လက်နက်က အကြီးအသေး ၁၀ လက်လောက် ရှိမယ်နော့” လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။
အဆိုပါ တိုက်ပွဲ စတင်တဲ့ နိုဝင်ဘာ ၃၀ ရက် ည ၉ နာရီခန့်က စပြီး ဒီကနေ့ မနက်ထိ နမ့်ပေါ်တံတားဘက်ကို စစ်ကောင်စီ လေကြောင်းက ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ပြည်သူ တစ်ချို့ ရှိတာကြောင့် ဒီကနေ့ မနက်ပိုင်းကစပြီး တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ လူမှုကူညီရေးအသင်းတွေက တတ်နိုင်သမျှ ကယ်ထုတ်နေကြတယ်လို့ သိရပါတယ်။
ဒီကနေ့ မနက် မူဆယ် ၁၀၅ ဘက်မှာ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေ ပြောဆိုပေမဲ့ ၁၀၅ မိုင်ဘက်မှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် အခြေအနေ အသေးစိတ်ကိုတော့ မဲခေါင်သတင်းဌာန အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
MK-007
#MeKongNews
#နမ့်ပေါ်_တံတား
#TNLA
#လက်နက်_ခဲယမ်း