မဲခေါင်၊ နိုဝင်ဘာ ၂
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကူလာတဲ့ စစ်ယာဥ်တန်းကို မနေ့က ညီနောင် မဟာမိတ်တပ်တွေ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ နိုဝင်ဘာ ၂ ရက် မနက်ပိုင်းအထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ MDY PDF ပြန်ကြားရေးခံ ကိုအော်စမွန်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
နောင်ချိုမြို့နယ်ကို ဦးတည်လာတဲ့ သံချပ်ကာကား ၂ စီးပါတဲ့ စစ်ကား ၂၂ စီး၊ အင်အား ၁၅၀ ခန့် စစ်ယာဥ်တန်းကို မနေ့ ညနေပိုင်းမှာ TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက အုမ္မခါးကျေးရွာ အရောက် ကြားဖြတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲလို့ ဆိုပါတယ်။
“တိုက်ပွဲက ဒီနေ့ မနက်ထိ ဖြစ်နေဆဲပါပဲ။ တိုက်ပွဲ အခြေအနေ အသေးစိတ် ကိုတော့ တိုက်ပွဲ ဖြစ်နေဆဲမို့ မပြောပြသေးဘူး။ မနေ့က တိုက်ပွဲမှာတော့ စစ်သား အရှင်ဖမ်းမိတာနဲ့ အလောင်းတွေလည်း ရထားတယ်။ လက်နက်ကတော့ MA သေနတ် ၆ လက်နဲ့ ခဲယမ်းတစ်ချို့ ရရှိထားပါတယ်” လို့ ကိုအော်စမွန်က ရှင်းပြပါတယ်။
မနေ့က တိုက်ခိုက်မှုကြောင့် အုမ္မခါးလမ်းခွဲမှာ စစ်ယာဥ်တန်း ရပ်တန့်ခဲ့ရသလို တိုက်ပွဲတွေ ဖြစ်ပွားနေစဥ် စစ်ကောင်စီက လေကြောင်း အသုံးပြုပြီး ၁၀ ကြိမ်ထက် မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
MDY PDF ဟာ အမျိုးသား ညီညွတ်ရေး အစိုးရ တိုက်ရိုက် ကွပ်ကဲမှုအောက်က တပ်ဖွဲ့ ဖြစ်သလို တအာင်း တပ်မတော်-TNLA နဲ့ ရင်းကပ်တဲ့ ဆက်ဆံရေး ရှိပါတယ်။
လက်ရှိ ညီနောင် မဟာမိတ် ၃ ဖွဲ့အတူ ရှမ်းမြောက်ဒေသမှာ ‘တောင်သမန် စစ်ဆင်ရေး’ လုပ်နေတယ်လို့ MDY PDF က တရား၀င် ထုတ်ပြန် အသိပေးထားပါတယ်။
MK-007
#MekongNews
#နောင်ချို
#MDY_PDF
#တောင်သမန်_စစ်ဆင်ရေး