မဲခေါင်၊ နို၀င်ဘာ ၁၀
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ် အနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု ရှိတယ်လို့ The Tech Supporting Squad- T2S2 အဖွဲ့ ဦးဆောင်သူ ကိုအုပ်ကြီးက ပြောပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ဗုံးသီး အလုံး ၂၀ ကျော် အသုံးပြုပြီး ဒရုန်းနဲ့ တိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့ရာ P3_1106 (Battle Wings) တပ်ရင်း၊ KNDF UAV၊ မြေပြင် ပူးပေါင်းတပ်ဖွဲ့တို့နဲ့အတူ တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။
“ အသွားအပြန် လုပ်နေကြတာ ခွေး (စစ်ကောင်စီတပ်) တွေက။ ဒရုန်းနဲ့ ဗုံးကြဲတာ အနည်းဆုံး ၅ ယောက်လောက် ရှိတယ်။ မြေပြင် လိုအပ်ချက်ကြောင့် ဒရုန်းမစ်ရှင်တွေ ဝင်ပါပါတယ်” လို့ ကိုအုပ်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလမှာလည်း ဒရုန်း ဗုံးသီး အလုံး ၁၅၀ ကျော်အသုံးပြုကာ အကြိမ် ၃၀ ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ၈၁ မမစိန်ပြောင်း ၂ လက် ဖျက်ဆီးနိုင်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးတာတွေ ရှိတယ်လို့ သိရပါတယ်။
လက်ရှိ ဖရူဆိုမြို့ကနေ လွိုင်ကော်ဘက် သွားလာနေတဲ့ စစ်ယာဥ်တန်းတွေ ရှိသလို ရိက္ခာတင်ပြီး ဒီးမော့ဆိုကနေ ဖရူဆိုဘက်ကို ပြန်သွားနေတဲ့ ယာဥ်တန်းတွေ ရှိနေလို့ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲ မကြာခဏ ဖြစ်နေတယ်လို့ သိရပါတယ်။
T2S2 အဖွဲ့ဟာ KNDF UAV ၊ P3_1106 တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်မှုကို ၂၀၂၂ ခုနှစ်၊ မေလက စတင်ခဲ့တာလို့ သိရပါတယ်။
CJ-004
#MeKongNews
#ကရင်နီပြည်
#KNDF
#ဒရုန်း