မဲခေါင်၊ ဒီဇင်ဘာ ၁၈
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ၂ နှစ်ကျော်စစ်ရှောင်နေကြတဲ့ ပြည်သူတချို့ တရက်ကို ထမင်းတနပ်သာ စားသုံးပြီး ဖြတ်သန်းနေရတယ်လို့ ထွန်းမြန်မာဒိုနေရှင်းက ကိုဖိုးဇော်က ပြောပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းက ပြည်သူတွေဟာ စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ လိုအပ်ချက်တွေ၊ အခက်အခဲတွေများနေပြီး ဆန်မလောက်ငှမှုကြောင့် တရက်ကို ထမင်း တနပ်သာစားသုံးတဲ့ပြည်သူတွေရှိလာတယ်လို့ သိရပါတယ်။
“ဆန်ရိက္ခာပြတ်လပ်မှုတော်တော်လေးရှိပါတယ်။ စစ်ရှောင်စခန်းတခုမှာဆိုရင် ဆယ်အိမ်လောက်က တရက်လုံးနေမှ တနှပ်ပဲစားတဲ့လူရှိသလို နှစ်နှပ်စားတဲ့သူရှိတယ်။ နောက် ပန်ပက်ဘက်က စစ်ရှောင်တွေဆိုရင် ဆန်ကွဲနဲ့ ပြောင်းနဲ့ ရောပြီးချက်စားနေပါတယ်ခင်ဗျ” လို့ သူက ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေကို ကူညီတဲ့အခါမှာလည်း အလှူငွေရရှိမှု နည်းပါးလာတဲ့အပြင် ကုန်ဈေးနှုန်းကြီးမြင့်လာတာတွေကြောင့် ပြန်လည်ဝေမျှတဲ့အခါ အခက်အခဲတွေရှိတယ်လို့ စစ်ရှောင်အရေးကူညီပေးသူတွေဆီက သိရပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်း သုံးလေးခုမှာ ဆန်ပြတ်လပ်မှုကြောင့် တရက်ကို ထမင်းတနှပ်သာ စားသုံးတဲ့ပြည်သူတွေရှိနေပြီး အရေအတွက်အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဆောင်းရာသီကိုရောက်လာတာကြောင့် အနွေးထည်နဲ့စောင်တွေအပြင် သောက်ရေ သုံးရေတွေလည်း လုံလောက်မှုမရှိဘဲ အခကြေးငွေနဲ့ ရေဝယ်ယူနေရပြီး ရေအတွက် လှူဒါန်းသူ နည်းပါးတယ်လို့ သိရပါတယ်။
CJ-004
#MeKongNews
#ဒီးမော့ဆို
#စစ်ရှောင်
#ထမင်း
#တစ်နပ်
#စားသုံး