မဲခေါင်၊ အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ရွာလည်လမ်းနဲ့ ကက္ကိုလမ်းတွေဟာ အောက်တိုဘာ ၂၈ ရက်ဝန်းကျင်က စပြီး မိုးသည်စွာ ရွာသွန်းမှုကြောင့် ပျက်စီးလာတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
မိုးရက်ဆက် ရွာသွန်းမှုနဲ့အတူ ကန်ကြီးရပ်ကွက် အနောက်ဘက်တောင်မှာ အိမ်ရာအကွက် ဖော်ရောင်းနေတဲ့ ကုမ္ပဏီတွေက တူးဆွလိုက်တဲ့ သဲမြေတွေ လမ်းတွေပေါ် ကျရောက်တာကြောင့် အခုလို ပျက်စီးလာတာလို့ ဆိုပါတယ်။
ရွာလည်လမ်းနေ အမျိုးသား တစ်ဦးက “ဒီလမ်းတွေက မိုးရာသီတိုင်း ပျက်စီးနေကြ ဆိုပေမယ့် အခုလောက် မဆိုးဘူး။ အခုက ကုမ္ပဏီတွေ အကွက်ရိုက်ပြီး ဝင်းခတ်ထားတဲ့ ခြံစည်းရိုးတွေကြားကနေ သဲတွေ ဒလဟော ကျလာတာ၊ မိုးက ရက်ဆက်ရွာတော့လေ။ လမ်းတွေကလည်း အစိုးရ ပြင်မပေးလို့ ကိုယ်ထူကိုယ်ထ ကိုယ့်အိမ်ရှေ့လေး ပြင်မယ်ဆိုရင်တောင် ကျနော့် လမ်းမှာက ကျနော့် တစ်အိမ်တည်း အိမ်ရှိတာလေ။ အားလုံး နေကြရင်တော့ ပေါင်းပြင်လို့ ရတာပေါ့။ တကယ်က စည်ပင် တာဝန်ယူရမှာ” လို့ ပြောပါတယ်။
အဲဒီ အိမ်ရာကွက်တွေက စီးကျလာတဲ့ သဲမြေတွေဟာ လူနေအိမ်တွေရဲ့ ခြံဝင်း တစ်ဝက်လောက်အထိ နစ်မြုပ်နေပြီး ဝင်းတံခါးတွေ အဖွင့်အပိတ် လုပ်လို့ မရတော့တဲ့အထိ အခြေအနေ ဆိုးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သဲတွေ ရေမြောင်းထဲ ပိတ်ဆို့လာပြီး မြောင်းရေ အမြဲလျှံနေတာကြောင့် လမ်းတွေ သွားလာ မရတော့တဲ့ အထိ ပျက်စီးလာတယ်လို့ ဆိုပါတယ်။
“လမ်းကအမြဲ ရေမခြောက်တော့ ဆိုင်ကယ်ဘီးတွေ မြေကြီးထဲ ကျွံဝင်ပြီး အက်စီးဒင့်တွေ ဖြစ်ကြတာ။ ကြီးကြီးမားမားတော့ မဖြစ်ပါဘူး။ ဆိုင်ကယ် ဒူးကာပြဲတာ လူပွန်းပဲ့တာလောက်ပါပဲ” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
ရပ်ကွက်နေ ပြည်သူတွေ အနေနဲ့ ယာယီဖြေရှင်းဖို့ အတွက် သဲကြမ်းတွေ ခင်းပေမယ့် တောင်စောင်းနေရာ ဖြစ်နေတာကြောင့် ရေစီးနဲ့ ပြန်မျှောပါသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကတည်းက လမ်းပျက်စီးနေတာကို ပြင်ဆင်ပေးဖို့နဲ့ အိမ်ရာကွက် ဖော်နေတဲ့ ကုမ္ပဏီတွေကို တားဆီးပေးဖို့ မြို့နယ် စည်ပင်ကို အကြောင်းကြားခဲ့ပေမယ့် တစ်စုံတစ်ရာ တာဝန်ယူ ဖြေရှင်းပေးတာ မရှိဘူးလို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
CJ-007
#MeKongNews
#တောင်ကြီးမြို့
#အိမ်ရာ
#လမ်းပျက်စီး