မဲခေါင်၊ မေ ၁၉
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) တံတားမှာ ပွဲစားတွေနဲ့ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေ ပေါင်းကာ နေချင်းပြန် နိုင်ငံကူး လက်မှတ်တွေကို ထိုင်းဘတ်ငွေ ၁၀၀ နဲ့ အမြန်လုပ်ပေးနေပြီး မပေးတဲ့သူတွေ ကတော့ နာရီနဲ့ချီပြီး စောင့်ဆိုင်းရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ မေလ ၁၉ ရက်မှာ ပြောပါတယ်။
တံတား (၁) မှာ နေ့ချင်းပြန် နိုင်ငံကူးလက်မှတ်လုပ်ဖို့ နာရီနဲ့ချီ စောင့်ဆိုင်း နေရတာဟာ လူများလို့ မဟုတ်ဘဲ ပိုက်ဆံပေးတဲ့ သူတွေကို ဦးစားပေး လုပ်ပေးလို့ ဖြစ်တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“တံတား (၁) မှာ ပွဲစားတွေက တော်တော်ကို ဆိုးနေတာ။ လဝက နဲ့ပေါင်းပြီး လုပ်စားနေကြတာ။ နေ့ချင်းပြန် နိုင်ငံကူး လက်မှတ်တွေကို ဘတ် ၁၀၀ ပေးရင် ချက်ချင်းရအောင် လုပ်ပေးတယ်။ လဝက ကလည်း အဲ့သူတွေကိုပဲ အရင်လုပ်ပေးတာ။ ကျန်တဲ့ မပေးတဲ့ သူတွေဆို နာရီနဲ့ချီပြီး ထိုင်စောင့် နေရတယ်။ အဲနားကို ခဏရောက်သွားတာနဲ့ လာမေးပြီ။ အမြန်လုပ်ပေးရမလား ဘတ် ၁၀၀ ပေး ဆိုပြီး” လို့ သူက ပြောပါတယ်။
တာချီလိတ်မြို့နဲ့ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ တံတား ၂ စင်းရှိပြီး တံတား (၁) မှာ လဝကနဲ့ ပွဲစား ပေါင်းစားနေသလို တံတား (၂) မှာလည်း ကုန်တင်ကားတွေကို စစ်ကောင်စီတပ်သားတွေက ပိုက်ဆံ တောင်းနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
MK-007
#MeKongNews
#တာချီလိတ်မြို့
#လ.ဝ.က
#နိုင်ငံကူးလက်မှတ်