မဲခေါင်၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ တရုတ် – မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရာ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို နိုဝင်ဘာ ၂၅ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ MNDAA ကသိမ်းပိုက်လိုက်ကြောင်း ကိုးကန့်သတင်းမီဒီယာရဲ့ သတင်းထုတ်ပြန်ချက်နဲ့ နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။
“ကျင်စန်းကျော့ဘက်မနက် အစောကတည်းက တိုက်ပွဲ ပြင်းထန်နေတာ။ လက်နက်ကြီး ပစ်ခတ်သံတွေ လည်းကြားနေတာ” လို့ နယ်စပ် ဒေသခံတစ်ဦးက ပြောပါတယ်။
မဟာမိတ် တပ်ပေါင်းစု အနေနဲ့ ယမန်နေ့ ၁၀ နာရီခန့်က ကျင်စန်းကျော့နယ်စပ်ဂိတ်ကို သိမ်းယူနိုင်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က မနေ့ညပိုင်းမှာ ကြေညာပါတယ်။
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း နယ်စပ်ဂိတ်ရှိရာ မုံးကိုး၊ ပန်ဆိုင်း၊ မူဆယ် ကျင်စန်းကျော့နဲ့ ချင်းရွှေဟော်မြို့ တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း ၁၇၂ ခုကို သိမ်းနိုင်ခဲ့ကြောင်း ကိုးကန့်သတင်းမီဒီယာက သတင်းထုတ်ပြန်ထားပါတယ်။
နယ်စပ်ကုန်သွယ်ရေး ကျင်စန်းကျော့ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်တဲ့ မှတ်တမ်း ဗွီဒီယိုဖိုင်မှာလည်း ကိုးကန့် အလံတွေကို လွှင့်ထူနေတာကို တွေ့ရပါတယ်။
“ကျင်စန်းကျော့တော့ သိမ်းလိုက်ပြီ။ ဒေသခံတွေက နယ်စပ်နား စစ်ရှောင်နေရတယ်။ မနေ့ ညနေပိုင်းတော့ ဖုန်း အဆက်အသွယ် ပြတ်သွားပြီ” လို့ မူဆယ် ဒေသခံတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း MNDAA မဟာမိတ်တပ်ပေါင်းစုနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲကြောင့် သွင်းကုန်ကားတွေ ရပ်နားထားရာ ဆဲဗင်းဟွာကျင့် ကုန်ချိန်းကွင်းမှာ လက်နက်ကျရောက်ပေါက်ကွဲတာကြောင့် ကုန်အပြည့်နဲ့ ပြည်သူတွေရဲ့ သွင်းကုန်ကား အစီး ၁၂၀ ကျော်ခန့် မီးလောင် ပျက်စီးကာ သိန်းပေါင်း သိန်းချီ ဆုံးရှုံး ခဲ့တာ ဖြစ်ပါတယ်။
CJ-008
#MeKongNews
#စစ်ကောင်စီ
#ကျင်စန်းကျော့
#သိမ်းပိုက်
#ကိုးကန့်
#အလံ