မဲခေါင်၊ ဇူလိုင် ၂
ရှမ်းအရှေ့၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် ညနေ ၆ နာရီခန့်က တရားမဝင် တရုတ်နိုင်ငံသား ၂၉၅ ဦးကို ဖမ်းဆီးရမိတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်၊ လွန်ကျိုင်းလမ်း၊ အိမ်အမှတ် မ-၃/၂၃၂ အိမ်ရှင်ဒေါ်အီတန်ရဲ့နေအိမ်မှာ အထောက်အထားမဲ့ တရားမဝင် တရုတ်နိုင်ငံသား ၂၉၅ ဦးကို ဖမ်းဆီးမိခဲ့တာလို့ သိရပါတယ်။
ယင်း ၂၉၅ ဦးအနက် အမျိုးသမီး ၇ ဦးပါဝင်ပြီး ၄င်းတို့ဟာ တာချီလိတ်မြို့အတွင်း အွန်လိုင်းလောင်းကစားတွေကို တရားမဝင်လုပ်ကိုင်နေသူတွေလို့သိရကာ ၄င်းတို့နဲ့အတူ ဖုန်းမျိုးစုံ ၉၀၀ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
“ တာချီလိတ်မှာ ဒီလိုတရုတ်တွေ ကုန်ကို မကုန်နိုင်ဘူး၊ ကာကွယ်ပေးတဲ့သူက ကာကွယ်ပေး၊ ဖမ်းတဲ့သူကဖမ်းနဲ့ စျေးကွက်ကြီးကို ဖြစ်နေတာ၊ ဆိုင်တွေကတော့ သူတို့များလေ ရောင်းအား ကောင်းလေပဲ၊ တာချီလိတ်ကတော့ လောင်းကစားမြို့တော်ဖြစ်ပြီး ပုံမှန်ဒေသသူတွေမှာတော့ အပြင်မထွက်ရဲတဲ့အထိ စိုးရိမ်နေကြရတာ၊ ငါ့ဘယ်အချိန် ဓါးနဲ့ခုတ်ပြီးလုမလဲ၊ အိမ်ထဲ ဘယ်သူဝင်လုမလဲဟဲ့နဲ့နေ နေရတာ” လို့ တော်ကော့ပြင်က ဒေသခံအမျိုးသမီးကြီး တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
တာချီလိတ်မြို့မှာ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်ပြီး နာမည်ကျော် ရွှေတြိဂံဒေသအတွင်းပါဝင်ကာ တရားမဝင်လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးဝါး သယ်ယူရောင်းဝယ်မှုတွေ၊ အွန်လိုင်းလောင်းကစားတွေ နဲ့ ရာဇဝတ်မှုအဖြစ်အများဆုံးဖြစ်နေတဲ့ မြို့တစ်မြို့ဖြစ်နေလို့ သာမန်ပြည်သူတွေအနေနဲ့ကတော့ ဥပဒေစိုမိုးမှု အားနည်းတဲ့မြို့ဖြစ်တာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောဆိုနေကြကြောင်းသိရပါတယ်။
MK-012