မဲခေါင်၊ မတ် ၅
ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ပေါ်၊ တောင်တက်လမ်း လုမ္ပဏီဥယျာဥ် အနောက်ဘက်ခြမ်းကနေ ခြေချော်ပြီး ကလေးတစ်ဦး မတ်လ၄ရက် နေ့လည်ပိုင်းက ပြုတ်ကျခဲ့တယ်လို့ ဒေသခံတွေကမဲခေါင်သတင်းကို ပြောပါတယ်။
ခြေချော်ပြုတ်ကျခဲ့တဲ့ ကလေးဟာ အသက်၁၃နှစ် အရွယ် မောင်ချစ်ကိုကိုဖြစ်ပြီး လူမှုကူညီရေးအသင်းအဖွဲ့တွေ စုပေါင်းရှာဖွေခဲ့ပြီးနောက် အသက်ရှင်လျှက် ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ကလေးငယ်ကို တောင်တက်လမ်းအထက် ရေတံခွန်အကျော်တွင် ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံလူကယ်ဆယ်ရေးအဖွဲ့(ဘားအံ)နဲ့ မေတ္တာစေတနာလူမှုကူညီရေး အသင်းတို့မှ လူအင်အားများစွာ ပူးပေါင်းရှာဖွေကယ်ဆယ်နိုင်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
ဖေဖော်ဝါရီ ၂၇ရက် နေ့လည်ပိုင်းကလည်း ဇွဲကပင်တောင်တက်လမ်း အထက်ရေတံခွန်အကျော်တွင် အမျိုးသားတစ်ဦး အမောဖောက်ပြီး နှလုံးရပ်သေဆုံးခဲ့မှုဖြစ်ပွားခဲ့လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းများသွားရောက်ကူညီ သယ်ဆောင်ပေးခဲ့ရပါသေးတယ်။
MK-005