ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဟာ ပုံမှန် ၅၀၀ကျပ်သာ ကောက်ခံဖို့ သတ်မှတ်ထားပေမယ့် တံတား (၁)ပိတ်ပြီး တံတား (၂)ကနေ ပြောင်းလဲသွားလာကတည်းက တစ်ထောင်ကျပ်ကောက်ခံကြောင်း၊ အခု နိုဝင်ဘာလကုန်ပိုင်းက စတင်ပြီး ဘတ် ၂၀ ပြောင်းလဲကောက်ခံကြောင်း၊ အခုအခါ ဘတ် ၅၀(ကျပ် ၄၀၀၀ခန့်) အထိတိုးမြှင့်ကောက်ခံနေကြောင်း ကုန်တင်ကားသမားတစ်ဦးက ပြောပါတယ်။
လဝကတွေ တော်တော်ဆိုးလာတယ်။ တစ်ရက်စာ စာအုပ်လည်း ပိုကောက်တယ်။ တစ်အုပ် ၅၀၊ ၃အုပ် ၁၀၀။ တစ်နှစ်စာ စာအုပ်လည်း အရင်က ဘတ် ၁၀၀၊ အခု ဘတ် ၂၀၀၊ ၃၀၀ ကောက်တယ်။ အိမ်ထောင်စုစာရင်း တခြားမြို့ကနေ တာချီလိတ်မြို့ကို ပြောင်းရင် ၃၀၀၀ ကနေ ၅၀၀၀ အထိ ပေးရတယ်
လို့ သူက ပြောပါတယ်။
တာချီလိတ် – မယ်ဆိုင် အမှတ်(၁) တံတားကိုပိတ်ထားပြီး လူဖြတ်သန်းသွားလာခွင့်မပြုပေမယ့် ဒေသတွင်းကုန်စည် စီးဆင်းမှုအတွက် တံတား (၂)ကနေ ကုန်တင်ကားတွေကို သွားလာခွင့်ပြုထားရာမှာ ပုံမှန်ပြုလုပ်နေကြဖြစ်တဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ကို တံတား(၂)မှာ ပြုလုပ်နေရတာ ဖြစ်တယ်လို့ တပိုင်တနိုင်ကုန်စည်သယ်ဆောင်တဲ့ ကားသမား တစ်ဦးက ပြောပါတယ်။
ကားသမားတွေက တံတား၂ကသွားရတာပါ။ တစ်ရက်စာစာအုပ်ပဲလုပ်လုပ်၊ တစ်နှစ်စာစာအုပ်ပဲလုပ်လုပ် တံတား (၁)အရင် စာအုပ်လုပ်တဲ့နေရာမှာပဲစာအုပ်လုပ်ရတာ။ စာအုပ်လုပ်တဲ့နေရာမှာတောင်းတာပါဗျ
လို့ သူက ပြောပါတယ်။
တာချီလိတ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှုဟာ ပိုဆိုးလာပြီး အရင်လို တိုင်ကြားရမယ့်နေရာလည်း မရှိတော့ ပြည်သူတွေမှာ ကူကယ်ရာမဲ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။