မဲခေါင်၊ ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ တရားမဝင် လက်နက်ကိုင်ဆောင်ထားသူတွေ လာရောက်အပ်နှံကြဖို့နဲ့ အိမ်၊ခြံ၊မြေ ရောင်းဝယ်တာတွေ ရပ်ဆိုင်းထားဖို့ MNDAA က ဇန်နဝါရီ ၁၉၊ ၂၀ ရက်စွဲနဲ့ သတင်းထုတ်ပြန် အသိပေးထားပါတယ်။
ကိုးကန့်ဒေသမှာ လက်နက်ကိုင်ဆောင်တာကို ဥပဒေအရတားမြစ်ထားပြီး ပြည်သူ့စစ်တွေရှိစဉ်က ထုတ်ပေးထားတဲ့ လက်နက်၊ ခဲယမ်းတွေ ဖေဖော်ဝါရီလ ၅ ရက်နေ့ နောက်ဆုံးထား လာရောက်အပ်နှံကြဖို့ MNDAA က အသိပေးထုတ်ပြန်ထားပါတယ်။
လောက်ကိုင်မှာ ပြည်သူ့စစ်ခေါင်းဆောင်တွေရဲ့ နေအိမ်တွေ၊ ဟိုတယ်တွေ၊ မြေယာတွေရှိနေတာကြောင့် ရောင်းဝယ်၊ ငှားရမ်းတာတွေ မလုပ်ကြဖို့လည်း ထုတ်ပြန်အသိပေးထားပါတယ်။
အိမ်သုံးယာဉ်အဖြစ် ဝယ်ယူအသုံးပြုလိုပါက အထူးဒေသ(၁)ရဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံက ထောက်ခံစာထုတ်ယူပြီး ဝယ်ယူအသုံးပြုနိုင်တယ်လို့လည်း ပါရှိပါတယ်။
လောက်ကိုင် ကို MNDAA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီရဲ့ ဥပဒေထုတ်ပြန်ချက်မှန်သမျှဖျက်သိမ်းပြီး ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့အုပ်ချုပ်ရေးပြုလုပ်မယ်လို့ MNDAA က ကြေညာထားပါတယ်။
ယင်းကြေညာချက်တွေအရ ယခင်ပြည်သူ့စ်တွေနဲ့ အဆင်ပြေခဲ့သူတွေ လုံးဝ ဘေးကြပ်နံကြပ်ဖြစ်စေတယ်လို့ သာမန်ဒေသခံတွေက ဝေဖန်ပြောဆိုနေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
MK – 012
#MeKongNews
#အိမ်ခြံ
#ကိုးကန့်
#ရောင်းဝယ်
#ငှား