မဲခေါင်၊ ဧပြီ ၂၉
ကရင်နီပြည်မှာ၊ ဧပြီလ ၂၇ ရက်က လေပြင်း တိုက်ခိုက်မှုကြောင့် ကျေးရွာ ၃ ရွာရှိ နေအိမ် ၁၀၀ နီးပါးနဲ့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ပျက်စီးသွားတယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ပြန်ကြားရေး-KnIC က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဧပြီလ ၂၇ ရက်၊ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာအုပ်စု၊ စူးဖဲလော်၊ နော်ပလု၊ တာဝကျေးရွာ ၃ ရွာမှာ လေပြင်းတွေ တိုက်ခိုက်လို့ စူးဖဲလော်ကျေးရွာက နေအိမ် ၇၄ လုံး၊ နေပလုကျေးရွာက နေအိမ် ၂၄ လုံး အပြင် တာဝကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းပါ ပျက်စီးသွားတယ်လို့ KnIC က ပြောပါတယ်။
အလားတူ ဒီးမော့ဆို အနောက်ခြမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးသီးကြွေကျလို့ စစ်ဘေးရှောင်စခန်းက ပြည်သူတွေ နေထိုင်တဲ့ အမိုးအကာ တစ်ချို့ ပျက်စီးခဲ့တယ်လို့ စစ်ဘေးရှာင် ကူညီစောင့်ရှောက်ရေး အဖွဲ့တစ်ခုက ပြောပါတယ်။
ကရင်နီပြည် အနှံ့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ဘေးရှောင် ၂ သိန်း နီးပါး ရှိလာသလို အခုလို လေပြင်း တိုက်ခိုက်လို့ နေအိမ်ပျက်စီးခဲ့ရာ ပြည်သူတွေ အကူအညီ လိုအပ်နေတာကြောင့် ကူညီပေးကြဖို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ပြန်ကြားရေးက တောင်းဆိုထားပါတယ်။
MK-007
#MeKongNews
#လွိုင်ကော်မြို့နယ်
#လေပြင်းတိုက်
#KnIC