ဟိုပန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၏ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်၊ “ဝ” အမျိုးသားပါတီ ဥက္ကဌ ဦးညီပလုပ်သည် နိုဝင်ဘာလ ၂၆ရက် ညနေပိုင်းက ခရစ်တော်၌အိပ်ပျော်သွားကြောင်း ပါတီက ထုတ်ပြန်ကြေညာသည်။
ဦးညီပလုပ် (Tax Nyi Pleek) သည် အမျိုးသားရေး နှင့် ပါတီလုပ်ငန်းများအပေါ်တွင် ကိုယ်ကျိုးမငဲ့ပဲ စွမ်းစွမ်းတမံ၊ ကိုယ်စွမ်းညာဏ်စွမ်းရှိသမျှ ကြိုးစားပန်းစား လုပ်ဆောင်လာခဲ့သူတစ်ဦး ဖြစ်ကြောင်း၊ ဦးညီပလုပ် (Tax Nyi Pleek) ကွယ်လွန်ခြင်းသည် မိမိတို့ “ ဝ” အမျိုးသားပါတီအတွက် ကြီးမားစွာသော ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ကြောင်း၊ ဦးညီပလုပ် (Tax Nyi Pleek) ကွယ်လွန်ခြင်းအတွက်၊ ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်း “ ဝ” အမျိုးသားပါတီက ထုတ်ပြန်ထားသည်။
ဦးညီပလုပ်သည် ယခင်ဥက္ကဌဟောင်း ဦးဆိုင်ပေါင်းနပ်၏ နောက်တွင် ပါတီဥက္ကဌနေရာ ဆက်ခံသူဖြစ်ပြီး ဩဂုတ်လ ၂၃ရက်တွင် ပါတီဥက္ကဌအဖြစ် တာဝန်ပေးအပ်ခံရသူဖြစ်သည်။