“စစ်သားစဖြစ်ကတည်းက ဆုန်ခရန်ပွဲတော်မှာ ဝင်မပါခဲ့ဘူး။ (အခုပါဝင်တဲ့အချိန်မှာ) စိတ်တွေပြန်လန်းဆန်းသွားတာပဲ” လို့ ထိုင်းနှစ်ကူးရေကစားပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာကပြောပါတယ်။
ဆုန်ခရန်ပွဲတော်လို့ လူသိများတဲ့ ရေကစားပွဲတော်ကို COVID-19 ကြောင့် ၃ နှစ်ကြာရပ်ဆိုင်းထားရပြီး အခုနှစ်မှာစည်စည်ကားကားနဲ့ ပြန်လည်ကျင်းပတာပါ။ ကမ်းခြေဝတ်အင်္ကျီနဲ့ပရာရွတ်ကလည်း ရောင်စုံရေသေနတ်ကိုင်ပြီး ဘန်ကောက်မြို့၊ ခေါက်ဆန်လမ်းပေါ်မှာ ဖြတ်သန်းသွားသူတွေကို ရေပက်လိုက်ပါတယ်။
ထိုင်းစစ်ဦးစီးချုပ်ဟောင်းရဲ့ရေသေနတ်ဟာ သူစစ်တပ်ထဲမှာရှိခဲ့တဲ့ကာလတွေကို ပြန်ပြောင်းမှတ်မိစေပြီး ကျည်အိမ်ခပ်ကြီးကြီးနဲ့ပုံစံတူပြုလုပ်ထားတာပါ။
ထိုင်းနိုင်ငံဟာ သေနတ်တွေနဲ့ပတ်သက်ရင် လက်ပွန်းတတီးရှိတဲ့ အစဉ်အလာ နက်နက်ရှိုင်းရှိုင်းရှိထားပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ထိုင်းနိုင်ငံမှာ လူမြင်ကွင်းကြား သေနတ်အတုဖြစ်စေ၊ အစစ်ဖြစ်စေထုတ်ပြတာဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဇန်နဝါရီလမှာကျရောက်တဲ့ ထိုင်းကလေးငယ်များနေ့ဆို ကလေးတွေကို စစ်စခန်းတွေဆီခေါ်သွားပြီး လက်နက်တွေနဲ့ ရင်းနှီးအောင်ပြလေ့ရှိပါတယ်။
ဒါပေမဲ့ မကြာသေးခင်မှာတော့ အရပ်သားတချို့က သေနတ်အရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုအသံ ကျယ်ကျယ်လောင်လောင်ထွက်လာကြပါတယ်။
“ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကို ဘယ်လိုစံနှုန်းမျိုးတွေနဲ့ ပျိုးထောင်ပေးနေကြတာလဲ” လို့ ချေမှုန်းရေးရိုင်ဖယ်နဲ့ သေနတ်တွေကိုင်ထားတဲ့ ကလေးငယ်တွေရဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး Thailand Development Research Institute က လူမှုသိပ္ပံပညာရှင် ဘွန်ဝါရာ ဆူမာနိုက မှတ်ချက်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၆ လတုန်းက ထိုင်းအစိုးရနေ့ကလေးထိန်းကျောင်းမှာ နိုင်ငံသမိုင်းတလျှောက် သေဆုံးမှုအများဆုံး သေနတ်ပစ်ခတ်မှုအပြီး အလားတူမေးခွန်းထုတ်တာတွေ ထိုင်းမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတာပါ။
နေ့လယ်ခင်းတရေးအိပ်ချိန် စာသင်ခန်းထဲမှာ ကလေးငယ်အများစုအပါအဝင် သေဆုံးမှုတွေရှိခဲ့တဲ့ နောင်ဘာလမ်ဖုခရိုင်က ရက်စက်တဲ့ပစ်ခတ်မှုဟာ တနိုင်ငံလုံးကိုထိတ်လန့်သွားစေပါတယ်။ သေနတ်သမားအသုံးပြုခဲ့တဲ့ ဆီမီးအော်တိုမက်တစ်ရိုင်ဖယ်ဟာ တရားဝင်ရရှိထားတာပါ။
“ရဲဟောင်းတယောက်က နေ့ကလေးထိန်းကျောင်းကို ပစ်ခတ်တယ်လို့ သိလိုက်ရတော့ ယူနီဖောင်းဝတ်တွေအတွက် ပိုတင်းကျပ်တဲ့သေနတ်ဥပဒေတွေ ဘယ်တော့ သူတို့အကောင်အထည်ဖော်မှာလဲလို့ တွေးမိလိုက်တယ်” လို့လည်း ၂၀၂၀ ပြည့်နှစ်က စစ်သားတယောက် ဈေးဝယ်စင်တာကို ဝင်ရောက်ပစ်ခတ်မှုမှာ အသက်ရှင်ကျန်သူတယောက်က ဒေါသတကြီးပြောဆိုပါတယ်။
ထိုင်းမှာ လူအမြောက်အမြားသေဆုံးစေတဲ့ သေနတ်ပစ်စခတ်မှုတွေရှားပါးပေမဲ့ အသေးစားပစ်ခတ်မှုတွေကတော့ ပုံမှန်လိုဖြစ်နေပါပြီ။
ပြီးခဲ့တဲ့ဒီဇင်ဘာမှာ ရနောင်းခရိုင်က အမျိုးသားတယောက်ဟာ မနက်ပိုင်းစုဝေးတဲ့အချိန် ဆူညံလို့ စိတ်ပျက်တယ်ဆိုပြီး မူလတန်းကျောင်းတကျောင်းကို သေနတ်နဲ့ ၁၈ ချက်ပစ်ခတ်ခဲ့ပါတယ်။
တုတ်တုတ်(သုံးဘီး) ယာဉ်မောင်း အချင်းချင်းကြား၊ ကုန်စုံဆိုင်တွေမှာ သေနတ်ကိုင်ထားသူ အချင်းချင်းကြား ဒေါသကြောင့် ပစ်ခတ်မှုတွေ၊ လမ်းပေါ်မှာအကြမ်းဖက်ပစ်ခတ်မှုတွေဟာ တီဗွီသတင်းတွေမှာ လူကြည့်များနေပါတယ်။ သေနတ်ကိုင်ဆောင်ခွင့်ရထားတဲ့နိုင်ငံရေးသမား ၁ ယောက်ကတော့ လူတွေက မျက်စိတမှိတ်အတွင်း သေနတ်တွေဆွဲထုတ်နေကြတယ်လို့ ပြောဆိုထားပါတယ်။
၂၀၁၃ ခုနှစ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်ပါအတိုင်း အကြံပြုမှတ်ချက်ပေးပါတယ်။
“ထိုင်းမှာ အမေရိကန်လိုပဲ စိတ်ထက်သန်တဲ့ သေနတ်ကိုင်ဆောင်မှုတွေရှိပါတယ်။ ဒါပေမဲ့ New York Times သတင်းစာကထောက်ပြတာတော့ သေနတ်အကြီးအကျယ်ကိုင်ကြတဲ့နိုင်ငံ ၂ နိုင်ငံကြားမှာ အခြေခံခြားနားချက်တွေရှိတယ်ဆိုတာပါပဲ။ ထိုင်းမှာ သေနတ်ပိုင်ဆိုင်တယ်ဆိုတာ နိုင်ငံရေးအရအရာရောက်တယ်လို့ ပြောချင်တာမဟုတ်ဘဲ ဂုဏ်သိက္ခာကိုကိုယ်စားပြုတာပါ။ ကိုယ့်အဆင့်အတန်းကိုပြတဲ့တခြားပစ္စည်းတွေလိုပဲ သေနတ်ဆိုတာ တချို့မှာရှိပြီး လူအများအပြားက လိုချင်တဲ့အရာပါ”
ပြီးခဲ့တဲ့နှစ်တွေမှာ တရားဝင်နဲ့တရားမဝင်လက်နက်တွေ ပေါများလာတဲ့အပေါ် ထိုင်းစစ်အစိုးရက ကြီးကြပ်ခဲ့ပါတယ်။ ပညာရှင်တယောက်ကတော့ ဒီအခြေအနေကို အခုလိုအကျဉ်းချုံ့ပြောပြပါတယ်။ “၁၉၃၂ ခုနှစ်နောက်ပိုင်း ထိုင်းမှာ အာဏာသိမ်းတာ ၁၄ ကြိမ်ရှိတယ်။ စစ်သားနဲ့ရဲတွေကို နေရာတကာမှာတွေ့ရတယ်။ သူတို့သေနတ်တွေရောပဲ”
သာမန်နိုင်ငံသားတယောက်အတွက် သေနတ်တွေက ဈေးကြီးပြီး ရဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ အစိုးရအရာရှိတွေကတော့ သေနတ်ဖူလှုံရေးအစီအစဉ်လိုမျိုးတွေကနေ ဈေးအများအပြားလျှော့ပေးထားတဲ့ သေနတ်တွေကို ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါတယ်။ ပြီးခဲ့တဲ့ပစ်ခတ်မှုတွေကိုဝေဖန်တဲ့အနေနဲ့ အလွဲသုံးစားလုပ်ထားတဲ့သေနတ်အများအပြားဟာ မှောင်ခိုဈေးကွက်ထဲရောက်သွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။
လက်နက်မှောင်ခိုကူးတာဟာ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေအတွက် ကြားပေါက်ငွေရလမ်းဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ စီးပွားရေးပညာရှင် ပါဆွတ် ပေါင်ပိုင်ချစ်ရဲ့ရောင်းအားအကောင်းဆုံးစာအုပ် “Guns, Girls, Gambling, Ganja: Thailand’s Illegal Economy and Public Policy” ဟာ ထိုင်းရဲ့တရားမဝင်လက်နက်ရောင်းဝယ်မှုတွေကို ဖော်ပြထားပါတယ်။
ထိပ်တန်းနိုင်ငံရေးသမားတွေနဲ့ စစ်ဘက်အရာရှိတွေက ထိုင်းစစ်တပ်သိုလှောင်ထားတဲ့ အမေရိကန်လုပ်လက်နက်တွေကို မှောင်ခိုဈေးကွက်ထဲပို့ဆောင်ပေးနေတယ်လို့ သူက တွေ့ရှိခဲ့ပါတယ်။ လွှမ်းမိုးမှုရှိသူတွေပါဝင်နေတာကြောင့် တရားမဝင်လက်နက်ရောင်းဝယ်မှုတွေ ရှိနေတုန်းပဲလို့လည်း သူကရေးသားခဲ့ပါတယ်။ မကြာသေးခင်က စီးနင်းဖမ်းဆီးမှုတွေက ထိုင်းစစ်တပ်ကနေထွက်သွားတဲ့လက်နက်တွေဟာ ပြဿနာတရပ်ဆက်ဖြစ်နေတုန်းပဲလို့ သတိပေးလိုက်တာဆိုရင်လည်း မမှားပါဘူး။
နောက်ဆုံးစာရင်းတွေအရ ထိုင်းနိုင်ငံမှာ သေနတ် ၁၀ သန်းကျော်ရှိပြီး ၆၀ ရာခိုင်နှုန်းကတော့ တရားဝင်ကိုင်ဆောင်ခွင့်ရထားတာပါ။ ထိုင်းနိုင်ငံရဲ့သေနတ်ပိုင်ဆိုင်မှုနှုန်းဟာ အရှေ့နဲ့အရှေ့တောင်အာရှမှာ အများဆုံးဖြစ်ပါတယ်။ အရပ်သားတွေသေနတ်ပိုင်ဆိုင်မှုရှားပါးတဲ့ တိုက်ကြီးတတိုက်မှာ ဗုဒ္ဓဘာသာဝင်အများစုရှိပြီး ဘုရင်စနစ်ရှိတဲ့ ထိုင်းနိုင်ငံဟာ သိသိသာသာကို တမူကွဲပြားနေပါတယ်။
(The Diplomat မဂ္ဂဇင်းတွင် Sribala Subramanian ရေးသာသည့် Thailand: An Outlier in Asia on Guns ကို #OhkKar ဘာသာပြန်ဆိုသည်။ Sribala Subramanian သည် အမေရိကန်တွင်အခြေစိုက်ပြီး The Diplomat ဧ။်ပုံမှန်ဆောင်းပါးရှင်ဖြစ်သည်။)
Source – Sribala Subramanian
ဥက္ကာ
#MeKongNews
Photo – AP