ဆောင်းပါး

ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ လျော့နည်းနေပြီလား

မဲခေါင် 13 Jan - 2023
သားလတ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မတ်လကစတင်ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ ရန်ကုန်မြို့မှာ ပေါ်ပေါက်လာခဲ့ပါတယ်။

သားလတ်

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မတ်လကစတင်ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ ရန်ကုန်မြို့မှာ ပေါ်ပေါက်လာခဲ့ပါတယ်။

နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီတပ်များက အကြမ်းဖက်နှိမ်နှင်းမှုတွေပြုလုပ်လာတဲ့နောက်မှာ လူငယ်အများစုဟာ တော်လှန်ရေးကို ပါးစပ်နဲ့တောင်းဆိုဖို့ မဖြစ်နိုင်တာကိုသိရှိလာတဲ့အတွက် မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ ဖွဲ့စည်းလာတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာတော့ မြို့ပြပြောက်ကျားတပ်ဖွဲ့အချို့ အကြောင်းအမျိုးမျိုးနဲ့ ဖျက်သိမ်းတဲ့အဖွဲ့တွေ ရှိသလို လုံခြုံရေးအရ ဖျက်သိမ်းလိုက်တဲ့အဖွဲ့တွေလည်း ရှိတယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ီဥးက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့အချို့ ဘာကြောင့်ဖျက်သိမ်းသွားရသလဲ ဆိုတာကို ပြည်သူတွေက စိတ်ဝင်စားကြပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့တွေဖျက်သိမ်းခဲ့ပေမယ့် တော်လှန်ရေးကိုတော့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဖျက်သိမ်းခဲ့တဲ့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက ကြေညာချက်တွေထုတ်ပြန်ခဲ့ပြီး ပြည်သူတွေကို တောင်းပန်ထားပါတယ်။

“ အဖွဲ့အချို့ ရပ်နားထားတာတွေ၊ ဖျက်သိမ်းလိုက်တာတွေတော့ ရှိတယ်။ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို လှူဒါန်းမှုတွေ၊ ကူညီမှုတွေက အခြားအဖွဲ့တွေလို လုပ်လို့မရပါဘူး။ ဒီတော့ချိတ်ဆက်မှုအားနည်းတဲ့အဖွဲ့တွေက ရပ်လိုက်ရတာတွေရှိတယ်။ ဒါပေမယ့် တော်လှန်ရေးထဲကထွက်သွားတာ၊ ရပ်နားတာမျိုးတော့ မဟုတ်ပါဘူး” လို့ သူကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ၂၀၂၁ ခုနှစ်အောက်တိုဘာလမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ကို မြောက်ဒဂုံမြို့နယ်မှာ လက်နက်တွေနဲ့ ဖမ်းမိခဲ့ပြီး နိုဝင်ဘာလအတွင်းမှာလည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်ကို လက်နက်မျိုးစုံနဲ့ စစ်ကောင်စီက ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ကိုဖြိုးဇေယျာသော်ကို စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းဖောက်ခွဲဖျက်ဆီးခံရမှု ၁၇၈ ကြိမ်နှင့် သတ်ဖြတ်ခံရမှု ၃၆ ခုတို့နှင့် ပတ်သက်၍ စွပ်စွဲထားပြီး၊ သူဖမ်းဆီးခံရမှု နောက်ဆက်တွဲအဖြစ် လူပေါင်း ၂၉၃ ဦးလည်း အဖမ်းခံခဲ့ရပါတယ်။ ထို့ပြင် စစ်ကောင်စီက လက်နက်မျိုးစုံ၊ ကျည်မျိုးစုံ၊ ဗုံးသီးမျိုးစုံ၊ ယမ်းမျိုးစုံနဲ့ လက်ကိုင်ဖုန်းများ၊ ဂြိုလ်တုဖုန်းမျိုးစုံ၊ ဆက်သွယ်ရေးစက်မျိုးစုံ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်တပ်ပိုင်မီဒီယာများမှတဆင့် သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ကောင်စီက ကြိုးမိန့်ပေးပြီး သတ်ခဲ့တဲ့အတွက် နိုင်ငံတကာက စစ်ကောင်စီကို ဝေဖန်ပြစ်တင်ခဲ့ကြပေမယ့် စစ်ကောင်စီကတော့ ပစ်တင်ဝေဖန်မှုတွေကို ဂရုမစိုက်ခဲ့ပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ သေဒဏ်အမိန့်ချခံရသူ ၁၄၂ ဦးအထိ ရှိနေပြီး အဲဒီကိန်းဂဏန်းတွေဟာ AAPP မှ ကောက်ယူရရှိထားတဲ့ အရေအတွက်သာဖြစ်ပြီး မြေပြင်အနေအထားမှာ ယခုထက်ပိုမိုများပြားနိုင်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ဒလမြို့နယ်က PDF ၂၁ ဦးကို အောက်တိုဘာလ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အတွင်း လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေက နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။ အဖမ်းခံရသူ ၂၁ ဦးထဲမှာ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၄ ဦး ပါဝင်ပြီး သူတို့တွေက ရန်ကုန်တိုင်းအတွင်းမှာ ဖောက်ခွဲမှု ၄ ကြိမ်၊ ပစ်ခတ်သတ်ဖြတ်မှု ၆ ကြိမ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်အနီးက A ဘဏ်နဲ့ ရတနာရွှေဆိုင်ကို ဓားပြတိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နဲ့ သမက်ဖြစ်သူကို လုပ်ကြံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်းလျား မြို့ပြပြောက်ကျားအဖွဲ့ (IUF) အဖွဲ့ဝင် လူငယ် ၁၀ ဦးကို ဖမ်းဆီးထားကြောင်းလည်း စစ်ကောင်စီက အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအချိန်တွေမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ ထွက်ပြေးတိမ်းရှောင်မှုတွေရှိခဲ့ပေမယ့် အဖွဲ့တွေတော့ ပျက်သွားတာမျိုးမရှိခဲ့ဘူးလို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

“ ကျွန်တော်တို့က မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဖြစ်တော့ တရားဝင်ထုတ်ပြောလို့မရတာတွေ အများကြီးရှိတယ်။ ရဲဘော်တွေသေဆုံးမှုအတွက် ဖောက်ခွဲတိုက်ခိုက်ခဲ့တာတွေ ရှိတယ်။ ဖောက်ခွဲမှုတစ်ခုလုပ်ဖို့အတွက် ရက်ပိုင်းနဲ့ ပြင်ဆင်လို့မရဘူး။ အဓိကကတော့ ပြည်သူတွေထိခိုက်မိမှာကို စိုးရိမ်လို့ပါ။ တစ်ချို့မစ်ရှင်တွေဆို အဲ့လိုတွေကြောင့် မဖောက်ခွဲဘဲထားခဲ့ရတာတွေ အများကြီးရှိတယ်” လို့ သူကပြောပါတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်တွေက အဓိကခြေရာခံမိခြင်းက ဖောက်ခွဲမှုဖြစ်စဥ်တွေကို လှုမှုကွန်ရက်ပေါ်တင်ခြင်းနဲ့ အဖွဲ့ဝင်တွေအချင်းချင်း ဖြန့်ဝေတာကနေ ခြေရာခံလိုက်မိတာဖြစ်တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ဦးဆောင်သူတစ်ဦးက ဆိုပါတယ်။

“ အဖွဲ့တွေမှာက အရွယ်စုံရှိတဲ့အခါကြတော့ အောင်မြင်ရင် ထုတ်ပြချင်တာပေါ့။ အဲ့လိုတွေနဲ့ တစ်ယောက်ကနေတစ်ယောက် ပုံတွေ၊ ဗီဒီယိုတွေ ပြန့်သွားတယ်။ စစ်ကောင်စီကမိတော့ အစကနေလိုက်တာပေါ့။ အဲ့ဒီလိုနဲ့ အဖမ်းခံရတာတွေ များပါတယ်။ အခုဒီလိုမျိုးတွေသိလာတော့ အဖမ်းခံရမှုတွေ နည်းလာပြီ။ စစ်ကောင်စီမပြုတ်မချင်း တော်လှန်ရေးကိုဆက်လုပ်ကြမှာပါ” လို့ သူကပြောပါတယ်။

ဖောက်ခွဲတိုက်မှုတွေထဲမှာတော့ ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း ဗုံးခွဲတိုက်ခဲ့မှုကိုတော့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့အများစုက ကန့်ကွက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၉ ရက် မနက် ၉ နာရီဝန်းကျင်က အင်းစိန်ထောင်ပင်မ အဝင်ပေါက် ထောင်ဝင်စာပို့တဲ့နားမှာ ပေါက်ကွဲမှုဖြစ်လို့ ထောင်အတွင်းစောင့်ကြပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ရမ်းပစ်လို့ ထောင်ဝင်စာလာပို့သူအချို့ သေဆုံး ထိခိုက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒီလိုလုပ်ဆောင်မှုတွေဟာ တော်လှန်ရေးကို နာကြည်းသွားစေမယ့်ဖြစ်ရပ်မျိုးတွေဖြစ်တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

“ ဒီလိုမစ်ရှင်တွေက မလုပ်သင့်ပါဘူး။ အထဲမှာရောက်နေတဲ့သူတွေကလည်း ကိုယ့်ရဲဘော်တွေပဲလေ။ ကိုယ့်မိသားစုထဲက တစ်ယောက်ဆို ဘယ်လိုနေမလဲ။ တစ်ယောက်က ထောင်ထဲမှာ။ ထောင်ဝင်စာလာပို့တဲ့သူက သေတယ်။ ကျန်တဲ့မိသားစုဝင်တွေက တော်လှန်ရေးကိုစိတ်နာသွားနိုင်တယ်။ ဒါတွေအကုန်လုံးကိုလည်း မှတ်တမ်းယူထားပါတယ်။ တော်လှန်ရေးပြီးရင်တော့ ဒီဖြစ်စဥ်အတွက် ရင်ဆိုင်ကြရမှာပါ” လို့သူက ပြောပါတယ်။

ယခုနှစ်အတွင်း စစ်ကောင်စီက ရန်ကုန်တိုင်းမှာရှိတဲ့မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့ပြီး နိုင်ငံပိုင်သတင်းစာတွေက ဖော်ထုတ်ရေးသားနေသလို သတင်းရှင်းလင်းပွဲတွေမှာလည်း ဖောက်ခွဲမှုတွေနဲ့ပတ်သက်လို့ စွပ်ဆွဲပြောဆိုနေမှုတွေလည်း ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရသူ ၁၃,၂၈၄ ဦးထိ ရှိပါတယ်။

ဖမ်းဆီးရမိတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကိုလည်း စစ်ကောင်စီက ပုဒ်မမျိုးစုံတပ်ကာ သေဒဏ်ပေးတဲ့အထိ အမိန့်ချမှတ်တာတွေရှိနေပေမယ့် ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်တွေကတော့ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ သူတို့အသက်တွေယူရင် အဲ့ယူထားတဲ့အသက်တွေ ပြန်ပေးရမယ်။ စစ်ဆင်ရေးတွေကတော့ နာမည်ပေးလုပ်နေတာတွေ ရှိသလို ပစ်ခတ်လုပ်ကြံမှုတွေကလည်း ရှိနေမှာပါ။ တော်လှန်ရေးလုပ်နေတဲ့သူတွေအကုန်လုံးက အသက်ပေးဖို့အတွက် ဆုံးဖြတ်ပြီးမှ လုပ်နေကြတဲ့သူတွေ များပါတယ်” လို့ သူကပြောပါတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေအတွက် အခက်ခဲဆုံးက နေစရာနေရာဖြစ်ပြီး စစ်ကောင်စီကလည်း ဒီအချက်ကိုသိတဲ့အတွက် အမိန့်တွေထုတ်ပြန်ထားတာဖြစ်တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“ သူတို့က နှစ် ၆၀ ကျော် အုပ်ချုပ်လာတဲ့သူတွေ။ ရန်သူကို လျော့တွက်လို့လည်း မရပါဘူး။ ဒါ့ကြောင့် အိမ်ငှားတဲ့သူတွေကို ခြိမ်းခြောက်ပြီး မငှားနိုင်အောင်လုပ်ထားတာ။ ဘယ်သူမဆို ကိုယ့်အိမ်လေးတော့ နှမြောတာပေါ့။ ဒီအတွက်တော့ အခက်အခဲလေးတွေရှိတယ်။ တော်လှန်ရေးလုပ်နေတယ်ဆိုပေမယ့် ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး” လို့ သူကပြောပါတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဟာ ထောက်ပံ့ကူညီမယ့်သူတွေ ရှားပါးပြီး အများစုက ကိုယ်ပိုင်ငွေနဲ့ လုပ်ဆောင်နေရတာဖြစ်ပြီး တရားဝင်အလှူခံနေတဲ့အများစုကလည်း မြေပြင်မှာလှုပ်ရှားနေတဲ့အဖွဲ့တွေမဟုတ်ဘူးလို့ တော်လှန်ရေးဦးဆောင်နေသူတစ်ဦးက ပြောပါတယ်။

“ ရှင်းရှင်းလေး စဥ်းစားကြည့်ပါ။ အလှူခံနေရင် ကျွန်တော်တို့ကို သူတို့ခြေရာခံမိပြီး ဖမ်းမှာလေ။ အလှူငွေနဲ့ ရပ်တည်ကြတယ်ဆိုတာက အဖွဲ့အစည်းတွေကတစ်ဆင့် ရတာတွေရှိပါတယ်။ အလှူခံပြီးသွားနေတာတွေက လိမ်စားနေတာ များတယ်။ ရဲဘော်တွေအတွက် အကူအညီ ၉၅ ရာခိုင်နှုန်းကို ကူညီပေးနေတဲ့သူတွေရှိတယ်။ ဥပမာ ခြေထောက်ဖြတ်ရတော့မယ်ဆိုပြီး အလှူခံတယ်။ ငွေလှူပါပြီ၊ ဘယ်ဆေးရုံမှာ တက်ပြီးဖြတ်မလဲ။ ငွေလှူပြီး အလိမ်ခံရတဲ့နိုင်ငံရေးသမားတွေတောင် ရှိတယ်။ ရှက်ပြီး မပြောဘဲဆက်ပြီးလှူနေတဲ့သူတွေလည်း ရှိတယ်။ တော်လှန်ရေးမှာမပါရင်လဲနေကြပါ၊ တော်လှန်ရေးအကြောင်းပြပြီး လုပ်မစားကြပါနဲ့လို့ပဲ တောင်းပန်ချင်ပါတယ်” လို့ သူကပြောပါတယ်။

လက်ရှိ NUG အစိုးရကလည်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တွေကို ထောက်ပံ့ပေးမှုတွေမရှိဘူးလို့ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ ရန်ကုန်မှာရှိတဲ့အဖွဲ့တွေအများစုက ဘာထောက်ပံ့မှုမှ မရပါဘူး။ ကိုယ့်စရိတ်နဲ့ကိုယ် လုပ်နေကြတဲ့အဖွဲ့တွေ များတယ်။ အဖွဲ့တစ်ချို့ ဖျက်သိမ်းသွားရတာလဲ ဒါ့ကြောင့်ပါတယ်။ ဒလန်ရှင်းဖို့၊ ဖောက်ခွဲရေးလုပ်ဖို့က ကုန်ကျငွေတွေရှိတယ်။ ထောက်ပံ့ပေးနေတဲ့အဖွဲ့မှာတော့ NUG မပါဘူး။ ဒီကိစ္စကိုလည်း ဒဲ့ရှင်းလို့ရတယ်။ မြေပြင်မှာ တကယ်လုပ်နေတဲ့အဖွဲ့ဝင်တိုင်း သိပါတယ်။ တော်လှန်ရေး မပြီးမချင်း UG တွေကတော့ လှုပ်ရှားမှုတွေရှိမယ်။ အခြေအနေအမျိုးမျိုးကြောင့် ခဏငြိမ်နေတာလည်း ရှိတယ်” လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့ ပိုမိုကောင်းမွန်မှုရှိပြီး ထိရောက်တဲ့ တိုက်ခိုက်မှုမျိုးတွေကို လုပ်ဆောင်သွားမှာြဖစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်တွေရှိတဲ့နေရာတွေကနေ ရှောင်ရှားသွားလာကြဖို့အတွက် မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ တောင်းပန်ပြောဆိုထားပါတယ်။

“UG အဖွဲ့ဖြစ်ဖို့ဆိုတာက နေထိုင်ရေးနဲ့ စားသောက်ရေးက အရင်စပြီ။ သူများကိုမလုပ်ခင် ကိုယ့်ဘက်က ဘယ်လိုကာကွယ်ထားမလဲ။ တစ်ချို့လဲရှိတယ်၊ ချဖို့အရမ်းအားသန်နေတာတွေရှိတယ်။ အဲ့လိုတွေကြောင့်လည်း လုံခြုံရေးစည်းပေါက်ပြီး မလိုလားအပ်တဲ့ဟာတွေဖြစ်လာတယ်လို့ ယူဆရပါတယ်။ အဓိကကတော့ လုံခြုံရေး စည်းမကျိုးပေါက်အောင် ထိန်းထားဖို့လိုတယ်” လို့ ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တစ်ီဥးက ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက် ည ၆ နာရီ ၄၅ မိနစ်မှာ ပန်ဆိုးတန်းဆိပ်ကမ်းမှ ဒလဘက်သို့ထွက်ခွာစဥ် ပေါက်ကွဲမှုဖြစ်ခဲ့တဲ့အတွက် ခရီးသည် ၁၉ ဦး ထိခိုက်မိခဲ့ပြီး စစ်တပ်ပိုင်မီဒီယာတွေက ရန်ကုန် UG တွေက ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ကြပါတယ်။

အဆိုပါ ချယ်ရီ ၂ ကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှုမှာ စစ်ကောင်စီနဲ့ဒလန်တွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒလ PDF က ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက သတင်းပြန်လည် ထုတ်ပြန်ထားပါတယ်။

ကူးတို့သင်္ဘောပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒလမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DPDF) အနေဖြင့် ပြည်သူ့ဘက်တော်သားများပီပီ ယခုကဲ့သို့ ပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကို လုံးဝလုပ်ဆောင်မည်မဟုတ်ကြောင်း၊ ပြည်သူများထိခိုက်မှုအတွက် လွန်စွာစိတ်မကောင်းဖြစ်ရကာ အဆိုပါဖြစ်စဥ်နဲ့ပတ်သက်၍ လုပ်ဆောင်ခဲ့တဲ့ပုဂ္ဂိုလ်များနဲ့ အဖွဲ့အစည်းများကို ပြင်းထန်စွာရှုတ်ချပြီး ယင်းလုပ်ရပ်အတွက် တာဝန်ခံရမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လတ်တလော အခြေအနေအရ စစ်ကောင်စီနဲ့ ဒလန်များတွေဟာ PDF အယောင်ဆောင်ပြီး ပြည်သူတွေကို ဖုန်းနဲ့ခြိမ်းခြောက်ခြင်း၊ ကာယကံမြောက် ငွေညှစ်ခြင်း၊ ပြည်သူများထိခိုက်မည့်နေရာတွေမှာ ဖောက်ခွဲဖျက်ဆီးမှုတွေ ပြုလုပ်လာတာတွေ့ရှိရတယ်လို့ ဒလ PDF က ပြောပါတယ်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီက PDF နဲ့ UG လူငယ် အယောက် ၅၀ ကျော် ဖမ်းဆီးရမိထားတယ်လို့ သတင်းထုတ်ပြန်ခဲ့သော်လည်း လက်ရှိ မြေပြင်အနေအထားအရ အဖမ်းခံရသူဦးရေမှာ ၁၀ ယောက်ကျော်လောက်သာ ရှိတယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“အဖမ်းအဆီးတွေရှိတဲ့အတွက် အများစုက လွတ်ရာကိုရှောင်ကြတယ်။ တချို့ကတော့ သင်တန်းသွားတက်နေတာတွေ ရှိတယ်။ တချို့အဖွဲ့တွေလည်း ဖျက်သိမ်းထားပြီးတော့ တချို့အဖွဲ့ကတော့ ရှိတဲ့သူနဲ့ လှုပ်ရှားနေတာတွေရှိတယ်။ တော်လှန်ရေး မပြီးမချင်းတော့ UG တွေ အကုန်လုံး စစ်ကောင်စီနဲ့ သူတို့ဒေါက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမှာပါ” လို့ သူကပြောပါတယ်။

ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ နည်းပါးလာပေမယ့် နေ့စဉ် ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီနဲ့ သူတို့ဒေါက်တိုင်တွေကို ဗုံးခွဲတိုက်ခိုက်မှုတွေနေရှိပြီး ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေကနေ ရှောင်ရှားသွားလာဖို့အတွက် ရန်ကုန်တိုင်းအတွင်း တော်လှန်ရေးလုပ်နေကြတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့များက မေတ္တာရပ်ခံ ကြေညာထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဆီဆိုင်တိုက်ပွဲနဲ့ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေးအရွေ့

စစ်အာဏာရှင်တော်လှန်ရေး အရှိန်အဟုန်မြင့် အားကောင်းလာတာနဲ့အမျှ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး မျှော်မှန်းချက်တွေဟာလည်း အားကောင်းလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

CCP ညံ့ဖျင်းမှုနဲ့ အိမ်ခြံမြေလုပ်ငန်း ကပ်ဆိုက်မှုက တရုတ်စီးပွားရေးကျဆင်းမှုကို ပိုနာတာရှည်စေမယ်

တရုတ် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ကပ်ဆိုက်နေမှုဟာ အခုအထိ ထိန်းချုပ်နိုင်မှုမရှိတဲ့ အနေအထားမှာ ဆက်ရှိနေတုန်းပါပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Tiktok ရဲ့ ခြိမ်းခြောက်မှု – တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို နှောင့်ယှက်နေတဲ့ တရုတ်နည်းပညာရည်မှန်းချက်

မကြာသေးခင်ကပဲ အမေရိကန်အောက်လွှတ်တော်က Tiktok ကို အမေရိကန် ကော်ပိုရေးရှင်းတစ်ခုဆီ ရောင်း ချရင်ရောင်း၊ မရောင်းရင် အမေရိကန်တစ်နိုင်ငံလုံးမှာ အသုံးပြုခွင့်ပိတ်ပင်ဖို့ အတည်ပြုလို့ အထက်လွှတ်တော် ကို အဆိုတင်သွင်းလိုက်တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The CCP’s feeble property crisis response prolongs economic pain

As China's property sector crisis continues to spiral out of control, the Chinese Communist Party's (CCP) response has been woefully

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The TIKTOK Threat: China’s tech ambitions imperil security Worldwide

The recent decision by the U.S. House of Representatives to pass legislation requiring TikTok to be sold to an American

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်နိုင်ငံရေးနဲ့ နည်းပညာပိုင်းခေါင်းဆောင်တွေကို တုန်လှုပ်စေတဲ့ စာသားကနေ ရုပ်ရှင်ပြောင်း AI နည်းပညာ Sora

Chat GPT ကို ထုတ်လုပ်ဖန်တီးခဲ့တဲ့ အမေရိကန်အခြေစိုက် ဉာဏ်ရည်တု Artificial Intelligence (AI) ဆိုင်ရာ နည်းပညာကုမ္ပဏီကြီး Open AI က နောက်ဆုံးဖန်တီးထုတ်လုပ်လိုက်တဲ့ စာသားကနေ အလိုအလျှောက် ရုပ်ရှင်ဖန်တီးတဲ့ Sora AI

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now