မြန်မာနိုင်ငံကရိုဟင်ဂျာတွေရဲ့အခြေအနေကိုထုတ်ဖော်ပြဖို့ လက်ခံဆောင်ရွက်နေတဲ့ ရှေ့ပြေးစီမံကိန်းဟာ သူတို့ရဲ့အတိဒုက္ခတွေအတွက် အဖြေတမျိုးထွက်လာစေပါသလား။ ဝမ်းနည်းစွာနဲ့ပဲပြောရရင် ရိုဟင်ဂျာတွေအိမ်ပြန်ဖို့အခွင့်အရေး အခုတော့မရှိသေးပါဘူး။
အထူးသဖြင့် မေ ၅ ရက်က မြန်မာနိုင်ငံကနေပြန်လာတဲ့ ကိုယ်စားလှယ်အဖွဲ့ မြင်တွေ့ခဲ့ရတဲ့အခြေအနေတွေအရ မရှိကြောင်းထင်ရှားနေတာပါ။
တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုနဲ့ ရိုဟင်ဂျာတွေကိုနေရပ်ပြန်ခေါ်ဖို့ ရှေ့ပြေးစီမံကိန်းဟာ ခွင့်ပြုချက်ရဖို့လိုအပ်ပါတယ်။ နေရပ်ပြန်ရေးရှေ့ပြေးလုပ်ငန်းတွေဟာ အခုတတိယအဆင့်မှာပါ။ အဲဒီစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့အရပ်သားအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့က ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာမှာစတင်ခဲ့တာပါ။
ဒါပေမဲ့ အသိအမှတ်ပြုထိုက်တာကတော့ မြန်မာအရပ်သားရွေးကောက်ခံအစိုးရက ရိုဟင်ဂျာတွေကို နေရပ်စွန့်ခွာထွက်ပြေးကြတဲ့နိုင်ငံသားတွေလို့ ရည်ညွှန်းပြောဆိုတာပါ။
မြန်မာနိုင်ငံရဲ့အဓိကမိတ်ဖက် တရုတ်နိုင်ငံက သဘောတူညီချက်ကို ကြားခံညှိနှိုင်းပေးခဲ့ပါတယ်။ မြန်မာခေါင်းဆောင်တွေကို ပြစ်ဒဏ်တွေချမှတ်နေတာထက် ရိုဟင်ဂျာအရေးဖြေရှင်းဖို့အခြေခံအချက်အနေနဲ့ ဆွေးနွေးမှုကိုအသုံးပြုသင့်တယ်လို့ အဲဒီကာလတုန်းက တရုတ်ဘက်ကပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ သူတို့အကျိုးစီးပွားကိုထောက်ပံ့ဖို့ တရုတ်ကဆန္ဒရှိနေတာပါ။ ရိုဟင်ဂျာအရေးကြောင့် မြန်မာစစ်အစိုးရကို ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်မယ့် ကုလသမဂ္ဂဆုံးဖြတ်ချက်အဆိုတွေကို ဗီတိုအာဏာသုံးပြီး တရုတ်က တစိုက်မတ်မတ်တားဆီးခဲ့တဲ့အကြောင်းကို ဒီအချက်က ရှင်းလင်းစေပါလိမ့်မယ်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နောက်ပိုင်းကစပြီး မြန်မာနိုင်ငံကို ရိုဟင်ဂျာ ပထမတသုတ်နေရပ်ပြန်ဖို့ ရှိခဲ့ပေမယ့် ပြန်မလာခဲ့ပါဘူး။
အဲဒီနောက် ၂၀၁၉ ခုနှစ်၊ သြဂုတ်မှာ တရုတ်နိုင်ငံက ရိုဟင်ဂျာတွေကိုနေရပ်ပြန်ခေါ်ဖို့ တတိယမြောက်ကြိုးစားမှုကို စတင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်နောက်ပိုင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာရှိတဲ့ သူတို့ရွာတွေကနေထွက်ခွာခဲ့ပြီးနောက်ပိုင်း ရွာကို သူတို့ပြန်မရောက်သေးဘူးလို့ ရိုဟင်ဂျာအသိုက်အဝန်းကိုယ်စားလှယ်တွေက ပြတ်ပြတ်သားသားပြောပါတယ်။ အဲဒီမှာ စခန်းတွေတန်းစီပြင်ဆင်ထားတာကို မြင်ရတယ်လို့လည်း အခိုင်အမာပြောကြပါတယ်။
အဲဒီအစီရင်ခံစာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေထိုင်ကြပြီး နေရပ်ပြန်ရေးအခြေအနေတွေကို သွားရောက်ကြည့်ရှုပြီး မေ ၅ ရက်မှာ မြန်မာနိုင်ငံကနေပြန်လာကြတဲ့ရိုဟင်ဂျာ ၂၀ အပါအဝင် ကိုယ်စားလှယ် ၂၇ ယောက်ပါဝင်တဲ့အဖွဲ့က အစီရင်ခံစာကို ရေးသားခဲ့ကြတာပါ။
သူတို့က မောင်တောမြို့နဲ့နီးတဲ့ အသိုက်အဝန်းအမျိုးမျိုးဆီ သွားရောက်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီနေရာမှာ ရွာတွေမရှိပါဘူး။ မြန်မာစစ်တပ်က ခိုလှုံရေးစခန်းတွေ တည်ဆောက်ပေးထားပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာဘက်ကညွှန်ကြားမှုနဲ့ အဲဒီစခန်းတွေမှာ ဆက်နေရမှာပါ။
ရခိုင်ပြည်နယ်က ပတ်ဝန်းကျင်နဲ့ အနေအထားတွေဟာ နေရပ်ပြန်ရေးအတွက် အထောက်အကူဖြစ်မနေပါဘူး။ ပြီးခဲ့တဲ့ ၆ နှစ်က သူတို့စွန့်ခွာခဲ့ရတဲ့မွေးရပ်ကျေးရွာတွေကလည်း မရှိတော့ဘဲ စစ်တန်းလျားတွေ၊ ရဲကင်းတွေနဲ့ နယ်စပ်စစ်ဆေးရေးဂိတ်တွေနဲ့ အစားထိုးခံထားရပါပြီ။
ပြန်လည်ထူထောင်ရေးအတွက် မောင်တောမြို့မှာတည်ဆောက်ထားတဲ့ ကျေးရွာနမူနာတွေမှာအခြေချဖို့လည်း ရိုဟင်ဂျာတွေက စိတ်ဆန္ဒမရှိပါဘူး။ အသိသာဆုံးကတော့ နိုင်ငံသားဖြစ်ခွင့်အာမခံချက်မရှိမချင်း ရိုဟင်ဂျာတဦးတယောက်ကမှ ရခိုင်ကို မပြန်ချင်ပါဘူး။
အခြေအနေတွေက ရိုဟင်ဂျာတွေအိမ်ပြန်ဖို့ခက်ခဲနေပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ၈ သိန်းအပါအဝင် ရိုဟင်ဂျာ ၁.၂၅ သန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ယူခီယာနဲ့ တက်ကနက်ဖ်ခရိုင်တွေက စခန်း ၃၃ ခုမှာ ခိုလှုံနေပါတယ်။ သူတို့ထွက်ပြေးလာတဲ့ ၆ နှစ်အတွင် ရိုဟင်ဂျာတွေမြန်မာနိုင်ငံဘက်ကို နေရပ်ပြန်ရေးအစီအစဉ်အရပြန်သူ တယောက်မှမရှိခဲ့ပါဘူး။
နေရပ်ပြန်ရမယ်ဆိုရင် နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ရိုဟင်ဂျာတွေကတောင်းဆိုပေမဲ့ အခုတကြိမ်မှာနိုင်ငံသားဖြစ်ခွင့်မပေးသေးဘူးလို့ ကိုယ်စားလှယ်အဖွဲ့ကို အခုတကြိမ်မှာပြောပါတယ်။ သူတို့ကို NVC ကတ်တွေသာပေးထားပြီး စခန်းတွေထဲမှာပဲနေရမှာပါ။ ဒီအခြေအနေတွေအရ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကိုအိမ်ပြန်ခေါ်ဖို့ စိတ်သိပ်ပါပုံမရပါဘူး။
ဒါပေမဲ့ ဒီအခြေအနေတွေဟာ မောင်တောမှာ ကျွန်မရှိနေတုန်းကထက်တော့ တိုးတက်လာပါတယ်။ လွတ်လွတ်လပ်လပ်သွားလာနေကြပြီး စီးပွားရေးလုပ်နေကြတဲ့လူအများစုက ရိုဟင်ဂျာတွေဆိုတာလည်း တွေ့ခဲ့ရပါတယ်။ ဒါကတော့ နေရပ်ပြန်ရေးအတွက် စံနမူနာအခြေအနေပါပဲ။
ကောင်းကောင်းမွန်မွန်ဆွေးနွေးသင့်တဲ့ကိစ္စတခုကတော့ သူတို့ဘိုးဘွားတွေနေခဲ့တဲ့ရခိုင်ပြည်နယ်ဆီ ပြန်လည်ရွှေ့ပြောင်းပေးဖို့ ရိုဟင်ဂျာတွေမျှော်လင့်နေတယ်ဆိုတာပါ။ သူတို့သာပြန်မလာလိုရင် အဲဒီသဘောထားက အခြေအနေကို သက်ရောက်နိုင်ပါသလား။ နှစ်ဖက်ညှိနှိုင်းဖို့လိုတယ်ဆိုတာမဟုတ်ဘူးလား။ နေရပ်ပြန်ရေးအကြောင်းပြောမယ်ဆိုရင် ဒီတချက်မှာတော့ ရိုဟင်ဂျာတွေဘက်က လိုက်လျောမှုလည်း လုပ်ရမှာပါ။ ထပ်ပြောရရင် ဒီနေရပ်ပြန်ရေးက ရိုဟင်ဂျာတွေသေဆုံးရတဲ့ရလဒ်မထွက်အောင် အာမခံဖို့ အရေးကြီးပါတယ်။
လူသားချင်းစာနာထောက်ထားမှုအကြောင်းပြချက်တွေနဲ့ ခိုလှုံခွင့်ပေးထားပေမဲ့ ဒီကိစ္စဟာ ဘင်္ဂလားဒေ့ရှ်အတွက်လည်း ဝန်ဖြစ်လာပါတယ်။
ထပ်ဖြည့်ပြောရရင် ကနဦးကလိုမျိုး နိုင်ငံခြားအထောက်အပံ့တွေဟာ လက်ရှိမှာတော့ နည်းလာပါပြီ။ စခန်းအပြင်မထွက်ဖို့ ရိုဟင်ဂျာတွေကို တားမြစ်ထားပေမဲ့ အခြေအနေတွေကို ထိန်းချုပ်လို့မရပါဘူး။ အရင်က သူတို့တွေ စခန်းပြင်ပထွက်ရင် နိုင်ငံကူးလက်မှတ်နဲ့ အထောက်အထားကတ်အတုတွေသုံးပြီး နိုင်ငံခြားထွက်ဖို့ ရိုဟင်ဂျာအများအပြားက ကြိးစားခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စခန်းတွေထဲမှာ အသေအပျောက်ရှိတဲ့ ဖြစ်ရပ်တွေလည်းရှိနေပါတယ်။ သူတို့ကို လူ့အသိုင်းအဝိုင်းထဲ အံဝင်ခွင်ကျဖြစ်စေဖို့ဆိုတာကလည်း မဖြစ်နိုင်သေးပါဘူး။ လုပ်ပြီးဖို့လိုတာကတော့ ပိုပြီးဂုဏ်သိက္ခာရှိတဲ့နေရပ်ပြန်ရေးပါပဲ။
ရိုဟင်ဂျာ ၁၁၇၆ ယောက်ကို ရှေ့ပြေးစီမံကိန်းအနေနဲ့ နေရပ်ပြန်ပို့ဖို့အစီအစဉ်ကလည်း ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ ဥပမာကောင်းတခုပါပဲ။
၂၀၁၈ ခုနှစ်မှာနေရပ်ပြန်ပို့ဖို့ ရိုဟင်ဂျာ ၈၈၂၀၀၀ စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံဆီပို့ထားပါတယ်။ စိစစ်ပြီးနောက် ရိုဟင်ဂျာ ၆၈၀၀၀ ကိုသာ ပြန်လက်ခံဖို့ မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ဘက်ကို အကြောင်းပြန်ထားပါတယ်။
ဒီအချက်တွေရှိပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာလူဦးရေသိသာထင်ရှားတဲ့ ပမာဏကျန်ရှိနေမယ့်အတွက် တဖြည်းဖြည်းနဲ့နေရပ်ပြန်နိုင်ဖို့ သံခင်းတမန်ခင်း ကြိုးစားမှုတွေလည်း ဆက်လုပ်ရမှာပါ။ ဒီရှေ့ပြေးစီမံကိန်းသေသေချာချာအောင်မြင်စေဖို့ ပါဝင်တဲ့အဖွဲ့အားလုံးက စိတ်ဆန္ဒမှန်မှန်နဲ့ကြိုးစားရမှာပါ။
မြန်မာနိုင်ငံအပေါ်ယုံကြည်မှုကင်းမဲ့နေတာက ရိုဟင်ဂျာတွေရဲ့နေရပ်ပြန်ရေးကို နောက်တွန့်နေစေတဲ့အတွက် ချောမွေ့တဲ့နေရပ်ပြန်ရေးဖြစ်လာအောင် ရိုဟင်ဂျာတွေကြားယုံကြည်မှုပြန်ရစေဖို့ မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့တွဲဖက် အလုပ်လုပ်ရမှာဖြစ်ပါတယ်။
(Bangkok Post တွင် Fumiko Yamada ရေးသားသည့် Rohingya repatriation requires trust ကို #OhkKar ဘာသာပြန်ဆိုသည်။ Fumiko Yamada သည် သြစတြေးလျနိုင်ငံ၊ University of Melbourne မှ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာလေ့လာရေးဌာနတွင် သုတေသနအဖွဲ့ဝင်ဖြစ်သည်။)
Source – Bangkok Post
#ဥက္ကာ
#MeKongNews
Photo – Reuters