ဘာတေးလစ်တနာ
တစ်ခုက အကျင့်ပျက်ခြစား၊ လာဘ်စားခြင်း။ နောက်တစ်ချက်က လက်နက်ကိုင် မူးယစ်မှောင်ခိုဂိုဏ်းတွေနဲ့ ဒီဒေသဆိုင်ရာ အစိုးရစစ်တပ်တွေကြားက နိုင်ငံရေးဆန်တဲ့ နားလည်မှုအခြေအနေပဲ။ အကျင့်ပျက်ခြစား၊ လာဘ်စားတယ်ဆိုတဲ့စကားကတော့ ရှင်းပြစရာမလိုအောင်ရှင်းပါတယ်။
ရွှေတြိဂံဒေသမှာ မူးယစ်ကုန်သွယ်မှုနဲ့တခြားဆက်စပ်ရာဇဝတ်မှုတွေကနေ ဘယ်လောက်ငွေကြေးအတိုင်းအတာအထိ ရှာဖွေနေနိုင် သလဲ အတိအကျမသိနိုင်ပါဘူး။ ဒါပေမဲ့ တစ်နှစ်တစ်နှစ် ဒေါ်လာ ဘီလီယံချီရှိနေမှာကတော့ သေချာပါတယ်။ ဒီလောက်များပြားတဲ့ငွေပမာဏနဲ့ ဒုစရိုက်စီးပွားရေးရပ်ဝန်းကြီးထဲမှာ တာဝန်ကျတဲ့ အစိုးရ ဝန်ထမ်းအမျိုးမျိုး ရင်ဆိုင်ရမယ့် အခြေအနေတွေက ရှင်းပါတယ်။ မလောက်မငှ နည်းပါးလွန်းတဲ့အစိုးရ လစာစား ဝန်ထမ်းတွေကို ရှိတယ်တောင်ထင်ကြတာမဟုတ်ဘူး။ အထာရှိတဲ့ဝန်ထမ်းတွေဆိုလည်း လာဘ်ငွေယူမလား၊ ကျည်ဆန်ယူမလား ဒါပဲ မေးကြမှာပဲ။
မြန်မာအစိုးရဝန်ထမ်းတွေထက် လစာအများကြီးရပြီး အကျင့်ပျက်ခြစားမှုပိုနည်းတဲ့ ရွှေတြိဂံနယ်စပ် ထိုင်းမြောက် ပိုင်းမှာ တာဝန်ကျတဲ့ ထိုင်းအစိုးရဝန်ထမ်းတွေအခြေအနေကတောင် လာဘ်ထိုးမှုတွေကို ရှောင်နိုင်ဖို့မလွယ်လှ ဘူး။ ထိုင်းစစ်တပ်ရဲ့ အဆင့်မြင့်အရာရှိကြီးတစ်ဦးကိုယ်တိုင်က ဒီလိုဝန်ခံပြောကြားဖူးတယ်။
ကျွန်တော်တို့ ရိုးသားဖြောင့်မတ်လွန်းပါတယ်ဆိုတဲ့ အရာရှိတွေကို ထိုင်းမြောက်ပိုင်းကို တာဝန်ချပေးလို့ရတယ်။ ဒါပေမဲ့ ခြောက်လလောက်ကြာရင် သူတို့ကို နေရာပြောင်းပေးရတာချည်းပဲ။ ပြဿနာက ရှင်းရှင်းလေးပါ။ မှောင်ခိုဂိုဏ်းသားတွေက လက်တစ်ဖက်က သေနတ်၊ တစ်ဖက်က ငွေထုပ်ကိုင်ပြီး ရွေးချယ်ခိုင်းကြတယ်။ သူတို့မှာ ရွေးချယ်စရာတစ်လမ်းပဲရှိတယ်။ ခေါင်းထဲ ကျည်ဆံအသွင်းခံမလား၊ လာဘ်ပေးငွေ ယူမလားဆိုတာပဲ။ မျက်စိမှိတ်ပြီး လာဘ်ငွေသာယူကြရတာပေါ့ တဲ့။
အကျင့်ပျက်ခြစားမှုဖြစ်စဉ်တွေက ဘယ်လိုလဲ
စနစ်တကျဖွဲ့ထားတဲ့ ဒုစရိုက်အဖွဲ့တွေနဲ့ စနစ်သိပ်မကျဘဲဖွဲ့ထားတဲ့ ဒုစရိုက်ဂိုဏ်းတွေအားလုံးက ဥပဒေပြင်ပမှာ နေထိုင်ရှင်သန်ကြသူတွေပါ။ ဒါပေမဲ့ လူမှုအသိုင်းအဝိုင်းထဲမှာပဲ ရှင်သန်ကျင်လည်ကြသူတွေလည်းဖြစ်တယ်။ အာရှဒေသရဲ့ တချို့သော နယ်မြေတွေမှာ ဟိုးနှစ်ပေါင်းများစွာကတည်းက ဒုစရိုက်မှု၊ စီးပွားရေးလုပ်ငန်းကြီးတွေ၊ အစိုးရတွေနဲ့ ထောက်လှမ်းရေးအေဂျင်စီတွေအားလုံးဟာ ပေါင်းစပ်ပါဝင်နေမြဲပါပဲ။ မူးယစ်ဆေးကုန်သည် အကြီး စားကြီးတွေမှာ သူတို့ဟာ တရားဝင်စီးပွားရေး (Legitimate Economy) ကြီးတွေဖြစ်တဲ့ အကြောင်း သက်သေပြဖို့ အချိန်တွေ လုံလုံလောက်လောက်ရကြတယ်။
အသုံးသိပ်ဝင်တဲ့ ထောက်လှမ်းရေးနယ်ပယ်က သတင်းတွေနဲ့ဒေသဆိုင်ရာ ဥပဒေတည်တဲ့အခြေအနေတွေကို နောကြေအောင် သိထားကြတယ်။ ရိုးရှင်းတဲ့ ဥပမာပေးရရင် သူတို့ပိုင်ဆိုင်တဲ့ တန်ဖိုးကြီးအရာတွေမှန်သမျှကို အန္တရာယ်ရှိတဲ့ဒေသတွေဆီ ပို့ဆောင်ထား ကြတယ်။ ဒီပြောဆိုချက်အတွက် သက်သေပြနိုင်တာမျိုးလည်းမရှိဘူး။ စာရေးဆရာတချို့ကတော့ ဒီအတိုင်း ဖော်ပြရေးထားခဲ့ကြတယ်။
၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေက ဖြစ်ခဲ့တဲ့ အင်ဒိုချိုင်းနားစစ်ပွဲတွေမှာကတည်း က အမေရိကန်ကိုယ်တိုင် မူးယစ်ဆေးနဲ့ဆက်စပ်ငွေကြေးတွေကို လျှို့ဝှက်လှုပ်ရှားမှုတွေအတွက် အသုံးပြုခဲ့တာ ရှိတယ်။ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ လုံလောက်တဲ့ငွေကြေးရင်းမြစ်ရဖို့ လျှို့ဝှက်ငွေကြေးရန်ပုံငွေအဖြစ် မူးယစ်ကမ္ဘာက ငွေတွေကို သုံးခဲ့ကြတာပဲ။ တစ်နည်းအားဖြင့် မူးယစ်မှောင်ခိုသမားတွေဟာ အမေရိကန်ထောက် လှမ်းရေးသတင်းရင်းမြစ်တွေကို ပြန်ရပြီး သက်ဆိုင်ရာနိုင်ငံတွေဆီက တန်ဖိုးမဖြတ်နိုင်တဲ့ သတင်းအချက် အလက်တွေကို ပြန်ရသွားတာပဲ။ ဒီအချက်အလက်တွေကို သိထားရင် ဘိန်းကုန်ကူးမှုအပါအဝင်တရားမဝင် မှောင်ခို သယ်ပို့မှုတွေ ကို လုပ်ဖို့က လွယ်လွန်းသွားပြီ။
ဒီလိုအသုံးချပြီး မူးယစ်မှောင်ခိုလုပ်နေတဲ့အထဲ တရုတ် မျိုးချစ်လက်နက်ကိုင်တွေပါတယ်။ လာအိုနဲ့ဗီယက်နမ်မြောက်ပိုင်းက ကွန်မြူနစ် Pathet Lao တွေကို ပြန် တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တွေပါတယ်။ ဒါက ဥပမာ အသေးတွေပါ။
မြန်မာ စစ်တပ်ရဲ့ တော်လှန်သူတွေကို အမြစ်ဖြတ်ဖို့ မူးယစ်ဆေးမှောင်ခိုမှုမှာ ပါဝင်ပတ်သက်မှုက အထင်ကရနိုင်လွန်းတဲ့ ဥပမာအဖြစ် ပြသနေတယ်။ မြန်မာစစ်တပ်ဆိုတာ ဒီနေရာမှာ ဗမာ့ကာကွယ်ရေးတပ်မတော်ကို ပြောတာ။ ၁၉၇၃ ခုနှစ်မှာ ဒီဗမာ့တပ်မတော်ပြိုကွဲသွားပေမယ့် နောက်စစ်တပ်ရဲ့ ပေါ်လစီက အတူတူပဲ။ ၁၉၇၃ မှာပဲ ကိုးကန့်အိမ်စောင့်တပ်အဖြစ် နေရာပေးထားခဲ့တဲ့ လော်ဆစ်ဟန်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်။ ဘိန်းနဲ့ မူးယစ်ဆေးဝါးကြောင့်ဖမ်းတာမဟုတ်ဘူး။ သူဟာ တရားဝင် ဒီအလုပ်တွေလုပ်ခွင့်ရထားသူဖြစ်လို့ပါ။
ဒါပေမဲ့ ဒီဒေသမှာ နိုင်ငံတော်ပုန်ကန်မှု အရှိန်မြင့်တက်လာလို့သာ ဖမ်းဆီးလိုက်တာမျိုးပါ။ ၁၉၇၃ မှာ လော်ဆစ်ဟန်ဟာ ပြည်မအစိုးရကို ပုန်ကန်တဲ့ရှမ်းပြည်နယ်တပ်မတော် (SSA) နဲ့ တစ်ခဏ မဟာမိတ်လုပ်ခဲ့လို့ ဖမ်းတာ။ သေဒဏ် ပေးခံလိုက်ရတယ်။ ၁၉၈၀ မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တယ်။ ရှမ်းမြောက် လာရှိုးမြို့က သူ့ နေအိမ်ကို ပြန်သွားတယ်။ ပြီးတော့ ပြည်သူ့စစ်ဆိုတာကို ပြန်ဖွဲ့တယ်။ ဂုဏ်သရေရှိစည်းပွားရေးလုပ်ငန်းရှင်ကြီး အဖြစ်နဲ့ နောက်မှာ မြန်မာ့အကြီးဆုံး စီပွားရေးလုပ်ငန်းကြီးဖြစ်တဲ့ Asia World ကုမ္ပဏီကြီး ထူထောင်လိုက်တယ်။
အမေရိကန်အစိုးရက လော်ဆင့်ဟန်နဲ့သားဖြစ်သူ စတီဗင်လောတို့ဟာ မြန်မာစစ်တပ်ရဲ့ အဓိက ငွေရှာပေးတဲ့ သူတွေဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တယ်။ ၂၀၁၄ ဇူလိုင် ၆ ရက်မှာ လော်ဆင့်ဟန်ကွယ်လွန်တော့ တော်ဝင်ဈာပန အလား ကိုယ်ရံတော်တွေအပြင် ရဲအရာရှိတွေကပါ ရန်ကုန်က သူ့ဈာပနအိမ်မှာ ဝန်းရံစောင့်ကြပ်ပေးနေတာ ကို ဒေသတွင်း ဗီဒီယိုသတင်းထောက်တစ်ယောက်က မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့တယ်။
နောက်ထပ် ရွှေတြိဂံက ဘိန်းဘုရင်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ စီးပွားရှာခဲ့တဲ့ ခွန်ဆာလည်း SSA နဲ့ စေ့စပ် ဆွေးနွေးပြောဆိုမှုအပြီး ၁၉၆၉ ခုနှစ်မှာ မြန်မာစစ်အစိုးရရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတယ်။ သူ့ပြည်သူ့စစ်တပ် ဖျက်သိမ်းလိုက်ပြီး နောက်လိုက်တွေက တောခိုပုန်ကန်သွားတယ်။ ဒီလူတွေကပဲ တောင်ကြီးက ဆိုဗီယက် ဆရာဝန်နှစ်ဦးကိုပြန်ပေးဆွဲပြီး ခွန်ဆာလွတ်ဖို့ အလဲအလှယ်လုပ်သွားနိုင်ခဲ့တယ်။ ဒီအလဲအလှယ်ကို လျှို့ဝှက် စွာနဲ့နောက်ကွယ်က ပွဲစားလုပ်ပေးသူက ၁၉၇၇ ကနေ ၁၉၈၀ ပြည့်နှစ်အထိ ထိုင်းဝန်ကြီးချုပ်လုပ်သွားတဲ့ ထိပ်တန်းစစ်အာဏာရှင် ဗိုလ်ချုပ် ကရီယန်ဆက် ခိုမာနန် ပါပဲ။
ဆိုဗီယက်ဆရာဝန်နှစ်ယောက်လည်း ၁၉၇၄ ခုနှစ်မှာ ထိုင်းနိုင်ငံကနေ ပြည်တော်ပြန်သွားပြီး ခွန်ဆာလည်း မြန်မာထောင်ကနေ လွှတ်ပေးလိုက်ရတယ်။ ခွန်ဆာက ထိုင်းနယ်စပ်ကိုပြန်လာပြီး ရှမ်းပြည်ညီညွတ်ရေးတပ်မတော် Shan United Army (SUA) ကို ထူထောင်တယ်။ အခြေစိုက်တဲ့နေရာက မြန်မာနယ်စပ်နဲ့ ကီလိုမီတာနည်းနည်းလေးသာဝေးတဲ့ ထိုင်းပိုင်နက် ထိုင်းအရှေ့မြောက်ပိုင်းက ဘန်းဟင်တားခ် ဆိုတဲ့နေရာမှာဖြစ်တယ်။ ခွန်ဆာရဲ့ အရင်းနှီးဆုံး သူတွေထဲက တစ်ဦးက အဲဒီအချိန်တုန်းက ခွန်ဆာဟာ ထိုင်းဗိုလ်ချုပ် ကရီယန်ဆက် ခိုမာနန် Kriangsak Chomanan နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိကြတယ်လို့ ပြောခဲ့တယ်။ ၁၉၈၁ ခုနှစ်က ထိုင်းရွေးကောက်ပွဲကာလမှာ ခွန်ဆာဟာ ဒီထိုင်းဗိုလ်ချုပ်ကို သမ္မတဖြစ်စေဖို့ ဒေါ်လာ ၅၀၀၀၀ ပံ့ပိုးပေးခဲ့တယ်လို့လည်း ဒီအတွင်းလူက ပြော ပြဖူးတယ်။
ခွန်ဆာရဲ့ ဘိန်းချက်စက်ရုံတွေဟာ ထိုင်း-မြန်မာနယ်စပ် နှစ်ဖက်စလုံးမှာ မှိုလိုပေါက်ပြီး ဘိန်းဖြူတွေကို အများ အပြားထုတ်လုပ်နေတာကို နိုင်ငံတကာအသိုင်းအဝိုင်းက ပေါက်ကွဲပြီးထိုင်းကို ဖိအားပေးလာတယ်။ ခွန်ဆာ တပ်အခြေစိုက်တဲ့နားက ထိုင်းစစ်တပ်တွေရဲ့ လစာတွေကို ခွန်ဆာကသာပေးနေတာကြောင့် ထိုင်းအစိုးရက နိုင်ငံ ရဲ့တခြားတစ်ဒေသက စစ်တပ်တွေကို အသုံးပြုပြီး ခွန်ဆာတပ်ကို ဘန်းဟင်တားခ် Ban Hin Taek ကနေဆုတ်ပြီး မြန်မာ နိုင်ငံပိုင်နက်ထဲ အခြေစိုက်အောင် တွန်းပို့လိုက်ကြတယ်။ Homong ဟိုမုန်းလူမျိုး (မူလတရုတ်ဗဟိုဒေသက တိုင်းရင်းသားတွေ) နေထိုင်တဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မျက်နှာချင်းဆိုင်က မြန်မာဘက်ခြမ်းမှာ ပြန်ပြီး ဌာန ချုပ်ကို အခြေစိုက်နေထိုင်တယ်။ ထိုင်းလုံခြုံရေးအေဂျင်စီလို့ခေါ်တဲ့ ထိုင်း ထောက်လှမ်းရေးတွေနဲ့ ဆက်လက်ပြီး အပေါင်း တည်နေပြန်တာပဲ။ မြန်မာပြည်တွင်းရေး၊ မြန်မာ-ထိုင်းနယ်စပ်ဒေသ သတင်းအချက်အလက်တွေကို ထိုင်းကို ပေးပြီး သူ့အဖွဲ့အစည်းကလည်း ထိုင်းနိုင်ငံမှာ အခြေစိုက်ပြပြီး မြန်မာဘက်ခြမ်းမှာ ဆောက်လုပ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကြီးမားစွာ လုပ်ဆောင်ခဲ့တယ်။
တစ်ပြိုင်နက်ထဲမှာပဲ ခွန်ဆာဟာ မြန်မာစစ်ခေါင်းဆောင်တွေရယ် ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ အလုပ်သဘောဆက်ဆံမှုတွေလုပ်လာပြီး နိုင်ငံပုန်ကန်သူဆိုတဲ့ ကွန်မြူနစ်တွေ၊ တိုင်းရင်းသားလူနည်းစု လက်နက်ကိုင်တွေကို ပြန်တိုက်ထုတ်ဖို့ ပူးပေါင်းဆောင်ရွက်လိုက်တယ်။ ဒီဆက်ဆံရေးကြောင့်ပဲ မြန်မာ စစ်တပ်ဟာ Homong ဟိုမုန်းလူမျိုးတွေဒေသကို ဘယ်တုန်းကမှ တိုက်ခိုက်တာမရှိခဲ့ဘူး။ ၁၉၉၅ ခုနှစ်ဇန်နဝါရီ လမှာတော့ ခွန်ဆာဟာ သူ့စစ်တပ်ကို ဖျက်သိမ်းလိုက်ပြီး မြန်မာစစ်တပ်ဆီမှာ လက်နက်ချလိုက်တယ်။ ရန်ကုန် မှာ သွားအခြေချနေထိုင်တယ်။ သူ့ပိုင်ငွေ အမြောက်အများကို မြန်မာစစ်တပ်နဲ့ပေါင်းပြီး ပို့ဆောင်ရေးကုမ္ပဏီ တွေ၊ သွင်းကုန် ထုတ်ကုန်လုပ်ငန်းတွေမှာ ရင်းနှီးရင်း တရားဝင် ဂုဏ်သရေရှိ စီးပွားရေးသမားကြီးအဖြစ်နဲ့ ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှာ ရန်ကုန်မှာပဲ ကွယ်လွန်သွားတယ်။
ဒီနေ့ မူးယစ်ရာဇာတွေဟာ လော်ဆစ်ဟန်တို့ ခွန်ဆာတို့လို နာမည်ကြီးတွေအဖြစ် လူမသိတော့ဘဲ သိုသိုသိပ်သိပ်နေထိုင်ပြီး ဘိန်းစျေးကွက်အပျက် စိတ်ကြွဆေးတွေကို မျိုးဆက်သစ်တစ်ခုအဖြစ် ကမ္ဘာနဲ့ချီပြီး ဖြန့်ချိနေပါပြီ။ သူတို့နဲ့ မြန်မာအစိုးရ စစ်တပ်ရဲ့ ဆက်ဆံရေးဟာ အရင်အတိုင်းအပြောင်းအလဲမရှိဘူး။ ပြည်တွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့တိုက်ပွဲတွေဖြစ်နေမှုကို ပိုပြီးအသုံးချလို့ကောင်းတာနဲ့အမျှ ဒေသတွင်း စီးပွားရေးလုပ်ငန်းစု တွေအဖြစ်ပါ တရားဝင် ထူထောင်ပြီးနောက်ကွယ်ကနေ မူးယစ်ဆေးတွေကို ဆက်ဖြန့်နေကြတော့တာပါပဲ။
[ဘာတေးလစ်တနာဟာ အာရှရဲ့ သမိုင်း၊ နိုင်ငံရေးနဲ့ မှုခင်းရေးရာကိစ္စတွေနဲ့ပတ်သက်လို့ စာအုပ်ပေါင်း ၂၂ အုပ် ထုတ်ဝေရေးသားခဲ့သူဖြစ်ပါတယ်။ လက်ရှိ Asia Times မှာ တာဝန်ထမ်းနေပြီး အရင်က Far Eastern Economic Review, ဆွီဒင်နေ့စဉ်ထုတ် Svenska Dagbladet, နဲ့ Jane’s Information Group in the UK တို့မှာ မီဒီယာအလုပ်လုပ်ခဲ့ဖူးသူဖြစ်ပါတယ်]
((ဘာတေးလစ်တနာ၏ လမ်းညွှန်ဆောင်းပါမှာ နိဒါန်းအပါအဝင် အခန်း ၇ခန်းရှိပြီး မဲခေါင်သတင်းဌာနတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း အခန်းတစ်ခုစီဘာသာပြန်ဆိုဖော်ပြသွားပါမည်။))