ဆောင်းပါး

မဟာဒေဝီစဝ်သုစန္ဒီ

မဲခေါင် 8 Feb - 2023
၁၉၆၆ ခုနှစ်ဇွန်လရဲ့ နွေရာသီ နေသာတဲ့နေ့တစ်နေ့ရဲ့ မွန်းလွဲချိန်၊ ဗောက်စ်ဝက်ဂွန်ဘီတလီကားငယ်လေးဟာ ရှလော့စ်လူဒန်ရဲတိုက်ဟောင်းကြီးဆီ ဦးတည်မောင်းနှင်လာနေခဲ့တယ်။ ဗီယင်နာမြို့မှာရှိတဲ့ ဒီရဲတိုက်ကြီးက ဩစတြီးယားနိုင်ငံရဲ့ လူကုံထံတွေသာ တည်းခိုနိုင်တဲ့ ရှေးဟောင်းရဲတိုက် ဟိုတယ်ကြီးပါ။

၁၉၆၆ ခုနှစ်ဇွန်လရဲ့ နွေရာသီ နေသာတဲ့နေ့တစ်နေ့ရဲ့ မွန်းလွဲချိန်၊ ဗောက်စ်ဝက်ဂွန်ဘီတလီကားငယ်လေးဟာ ရှလော့စ်လူဒန်ရဲတိုက်ဟောင်းကြီးဆီ ဦးတည်မောင်းနှင်လာနေခဲ့တယ်။ ဗီယင်နာမြို့မှာရှိတဲ့ ဒီရဲတိုက်ကြီးက ဩစတြီးယားနိုင်ငံရဲ့ လူကုံထံတွေသာ တည်းခိုနိုင်တဲ့ ရှေးဟောင်းရဲတိုက် ဟိုတယ်ကြီးပါ။ ရဲတိုက်အဝင် သံတံခါးကြီးက ပိတ်လျှက် အနေအထားမှာ ဩစတြီးယားရဲတွေက လက်နက်ကိုင်ပြီး စောင့်လို့။ ဒါပေမဲ့ ဗောက်စ်၀ဂွန်ကားငယ်ဟာ ဗီယင်နာက ထိုင်းသံရုံးအမှတ်တံဆိပ် တံဆိပ်ပြားနဲ့မို့ အစောင့်တွေက တံခါးဖွင့်ပေး လိုက်တယ်။ 

ကျောက်ပြားတွေခင်းထားပြီး ဘေးတစ်ဖက်တစ်ချက်  စီတန်းလှပစွာရှိနေတဲ့ ပန်းခြံတွေရှိရာ လမ်းကနေ ဗောက်စ်၀ဂွန်ကားလေးဟာ ပင်မအဆောက်အအုံကြီးဆီး ဦးတည်မောင်းဝင်လာတယ်။ ဆင်ဝင်အောက်ရောက် တော့ ငယ်ရွယ်တဲ့ ကော်ကေးရှန်း (Caucasian – ဥရောပလူဖြူ) အမျိုးသမီးတစ်ယောက် ဆင်းလာတယ်။ ပြီးတော့ အာရှ-ဥရောပသွေးနှောအသွင်ရှိတဲ့ ၁၀ နှစ်နဲ့ ၇ နှစ်အရွယ် သမီးလေးနှစ်ဦးလက်ကိုဆွဲပြီး ပင်မရဲတိုက် အဆောက်အအုံကြီးထဲ ရဲဝင့်စွာ လှမ်းလျှောက်ဝင်သွားတယ်။ တန်ဖိုးကြီး သစ်နက်တွေနဲ့ တောက်ပြောင်တဲ့ ပရိဘောဂတွေခင်းကျင်းထားတဲ့ ဟောခန်းထဲလှမ်းဝင်လိုက်တော့ အထဲမှာ မြင်တွေရသူအားလုံးက အာရှသူ၊ အာရှသားတွေချည်းပဲ။ တစ်လှမ်းချင်းဝင်လာတဲ့ အမျိုးသမီးနဲ့ကလေး ၂ယောက်ကို သူတို့အားလုံး အံ့ဩတကြီး ငေးကြည့်နေခဲ့ကြတယ်။ 

ရဲတိုက်ဟိုတယ်ကြီးမှာ ပါတီပေးနေတဲ့ သူတွေထဲက အမျိုးသမီးတစ်ယောက်ဆီကို ဥရောပလူဖြူမလေးက ကလေးနှစ်ယောက်လက်ကို တင်းတင်းဆုပ်ပြီးအရောက်သွားလို့ “မင်းတို့ရဲ့ ဗိုလ်ချုပ်နဲ့ ငါတွေ့ချင်တယ်” ဆိုတဲ့စကားကို ဗမာလိုပီပီသသ ပြောလိုက်တယ်။ မေးခံလိုက်ရတဲ့ ဗမာအမျိုးသမီးက လှေကားကနေ ဟိုတယ် ဒုတိယထပ် ၀ရန်တာကို ငေးကြည့်နေတယ်။ အရပ်ရှည်ရှည်နဲ့အာရှသားတစ်ယောက် ၀ရန်တာမှာ ရပ်နေရာက လူဖြူဥရောပသူလေးကို တွေ့လိုက်တော့ ဘေးကိုထွက်လို့ တံခါးတစ်ခုကိုပိတ်ပြီး အခန်းတစ်ခန်းထဲ ဝင်ရောက်ပျောက်ကွယ်သွားတာ တွေ့လိုက်ရတယ်။ ခေါ်လာတဲ့ မိန်းမက “ထိုင်ပါဦး၊ လက်ဖက်ရည်သောက်ပါဦး”လို့ ဖိတ်ခေါ်တယ်။ လူဖြူအမျိုးသမီးက ကျေးဇူးတင်ပါတယ်။ ကိစ္စမရှိဘူး။ ကျွန်မလာတာ ရှင်တို့ ဗိုလ်ချုပ်နဲ့ တွေ့ပြီး ပုဂ္ဂိုလ်ရေးကိစ္စပြောချင်တာ တစ်ခုတည်းအတွက်ပဲ လို့ ပြန်ပြောတယ်။ ကလေးငယ် ၂ယောက်ကို လက်က ဆုပ် ကိုင်ထားပြီး ခေါင်းမော့ရင်း ဘာမထီတဲ့ဟန်နဲ့ ဒီလိုပြောတော့ ဗမာအမျိုးသမီးက “အာ . . . သူအနားယူနေတယ်။ နေမကောင်းဘူး။ မင်းမြင်တယ်မှတ်လား” လို့ မဆိုင်းမတွပြန်ပြောတယ်။ လူဖြူအမျိုးသမီးက “နေမကောင်းဘူးဟုတ်လား၊ မြင်ရတာအကောင်းကြီးပါ။ အခန်းထဲတောင် ပြေးဝင်သွားသေတာကိုး” လို့ မကျေမနပ်ပြောရင်း လှည့်ပြန်သွားခဲ့တယ်။

အရပ်ရှည်ရှည်နဲ့ ဗမာဗိုလ်ချုပ်ကတော့ စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းပေါ့။ လက်ခံစကားပြောတဲ့ ဗမာအမျိုး သမီးက နေဝင်းရဲ့ မိန်းမ ခင်မေသန်း ဒါမှမဟုတ် ကေတီဘသန်း ပေါ့။ ဗမာပြည်မှာ နေဝင်းဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီး ၄နှစ်အကြာမှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာပါ။ သူတို့ ဗီယင်နာကို လာရောက်လည် ပတ်တဲ့ အကြောင်းက အမျိုးအမည်မသိရတဲ့ နေဝင်းရဲ့ စိတ်ရောဂါဝေဒနာကို လာကုသတဲ့ ခရီးစဉ်ပါ။ နေဝင်းမိန်းမ ခင်မေသန်းအပြင် လက်ပါးစေ စစ်တပ်အကြီးအကဲနဲ့ ထောက်လှမ်းရေး အယောက် ၅၀ လောက် ပါလာတာဖြစ်ပါတယ်။ ရဲတိုက်ဟိုတယ်တစ်ခုလုံး ငှားရမ်းပြီး ပါတီပေးနေခဲ့ကြတာပါ။ နေဝင်းဟာ ဗီယင်နာမှာ နာမည်အကြီးဆုံး စိတ်ကုဆရာဝန်ဖြစ်တဲ့ ဒေါက်တာဟန်းစ်ဟော့စ်ဆီက စိတ်ဝေဒနာအတွက် လာရောက် တိုင်ပင် ကုသနေခဲ့တာပါ။ 

အာရှ-ဥရောပသွေးနှော သမီးငယ်လေးနှစ်ယောက် လက်ဆွဲပြီးဝင်လာတဲ့ လူဖြူအမျိုးသမီးက ဩစတြီးယားမှာ မွေးဖွားသူ အင်ဂီအီဘာဟတ် ဒါမှမဟုတ် လူသိပိုများတဲ့ မဟာဒေဝီ စဝ်သုစန္ဒီ ပါပဲ။ မြန်မာနိုင်ငံ ရှမ်းပြည်၊ သီပေါဟော်နန်းက နောက်ဆုံးဟော်နန်းစော်ဘွား မင်းသားစဝ်ကြာဆိုင်ရဲ့ မဟာဒေဝီပေါ့။ သီပေါမြို့ဆိုတာ မန္တလေး – လားရှိုး ဗမာရထားလမ်းဟောင်းပေါ်မှာရှိတဲ့ မြို့ကလေး။ စဝ်သုစန္ဒီလက်နှစ်ဖက်ကဆွဲလာတဲ့ သမီး လေးနှစ်ယောက်က စဝ်ကြာဆိုင်နဲ့ စဝ်သုစန္ဒီတို့ရဲ့ ရင်နှင့်သည်းခြာ ရတနာ သမီးတော်မင်းသမီးလေး ၂ပါး ဖြစ်ပါတယ်။ 

နာမည်ရင်း အင်ဂီအီဘာဟတ်ဟာ စဝ်ကြာဆိုင်နဲ့ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်က ဒန်ဗာတက္ကသိုလ် မှာ စတွေ့ပြီးချစ်ကြိုက်ခဲ့ကြသူတွေပါ။ ၁၉၅၀ ပြည့်လွန်နှစ်တွေက သူတို့ရဲ့ ဒန်ဗာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဘ၀တွေကို ဖြတ်သန်းရင်း မေတ္တာမျှခဲ့ကြသူတွေဖြစ်တယ်။ ၁၉၅၃ ခုနှစ် မတ်လမှာ လက်ထပ်ခဲ့တယ်။ ပထမ အင်ဂီတစ်ယောက် သူလက်ထပ်ခဲ့သူဟာ သတ္တုတွင်း အင်ဂျင်နီယာဘွဲ့ရတစ်ယောက်လို့ပဲ သိခဲ့တာ။ သူတို့ ဗမာပြည်ကို သင်္ဘောနဲ့အတူလာကြတော့ ရန်ကုန်ကို ဆိုက်ကပ်တယ်။ များပြားလှတဲ့ လူအုပ်ကြီးက ဝမ်းပန်း တသာ ဂုဏ်ပြုကြိုဆိုနေတော့ အင်ဂီတစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားရတယ်။ အဲဒီအချိန်ရောက်မှာ စဝ်ကြာဆိုင်က သူဟာ သီပေါမင်းသားဖြစ်ကြောင်း၊ သူ့ရဲ့ ပန်ကြားမှုနဲ့ ဒန်ဗာတက္ကသိုလ်ပါမောက္ခကိုယ်တိုင်က မင်းသားဖြစ်ကြောင်းကို ဖုံးကွယ်ပေးခဲ့ကြောင်း၊ ချစ်သူသက်တမ်းတစ်လျှောက်လုံးရော လက်ထပ်ပြီးချိန်အထိ ဒီအကြောင်းမပြောပြတာက လူတစ်ယောက်အပေါ် စစ်မှန်တဲ့အချစ်နဲ့ လက်ထပ်တာမျိုးပဲ ဖြစ်စေချင်လို့ဖြစ် ကြောင်း ရှင်းပြတယ်။ အင်ဂီက ဒီစကားတွေကြားတော့ စိတ်မဆိုးဘဲ အံ့ဩလို့ မျက်လုံးလေး ကလယ်ကလယ်နဲ့ပေါ့။ 

၁၉၅၇ နိုဝင်ဘာ ၂ ရက်နေ့မှာတော့ သီပေါဟော်နန်းမှာ သူတို့လူငယ်စုံတွဲဟာ ထုံးတမ်းစဉ်လာအရ ကောင်းကင်ရဲ့ အရှင်သခင်နဲ့ ကောင်းကင်နတ်သမီးအဖြစ် တရားဝင်နန်းတက်ပွဲကျင်းပခဲ့တယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေက သီပေါဟော်နန်းကို အလည်အပတ်သွားရောက်ခဲ့တဲ့ ဒိန်းမတ် စာရေးဆရာ Aage Krarup-Nielsen က ဒီ အကြောင်း ရွှေရောင်ဘုရားများတည်ရာမြေ (The Land of the Golden Pagodas)  ဆိုတဲ့ စာအုပ်မှာ ထည့် သွင်းရေးသားခဲ့တယ်။ ဒီရေးသားမှုမှာ “ပထမတော့ ဒေသခံတွေဟာ သူတို့စော်ဘွားရဲ့ ကြင်ယာဟာ ဥရောပသူ လူဖြူမလေးဖြစ်နေတော့ အံ့ဩတုန်လှုပ်မှုကြီးစွာဖြစ်ခဲ့ကြတယ်။ ကြာလာတော့ ဒီအမျိုးသမီးလေးဟာ သူတို့ရဲ့ မဟာဒေဝီ၊ သူတို့ရဲ့ ကိုယ်ပိုင်မင်းသမီးလေးအဖြစ် ချစ်မြတ်နိုးခဲ့ကြတာ ဒီနေ့အထိပါပဲ” လို့ ရေးသားဖော်ပြ သွားခဲ့ပါတယ်။ 

ပညာတတ် မဟာဒေဝီနဲ့ စော်ဘွားတို့အကြင်လင်မယားဖြစ်ပြီးနောက် သူတို့ဟာ ဒေသခံရွာတွေကို မျှတတဲ့ ခံစား ခွင့်၊ အကျိုးအမြတ်ရပိုင်ခွင့်တွေရဖို့ ခေတ်မီဆန်းသစ်တဲ့ စက်မှုလယ်ယာစနစ်တွေ ဖန်တီးပြီး ဦးဆောင်အကောင် အထည်ဖော်ခဲ့ကြတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ မပေါ်သေးတဲ့ အဆင့်အမြင့်ဆုံး သားဖွားဆေးခန်းတစ်ခုကို လည်း တည်ထောင်ပေးတယ်။ ပဒေသရာဇ်စနစ်ဟောင်းကြီးကို စွန့်လွှတ်ပြီး ရွာသားတွေအားလုံးကို ဟောနန်း ပိုင် လယ်ယာမြေတွေအားလုံးပေးပြီး စိုက်ပျိုးခွင့်ပေးလိုက်တယ်။ လယ်ထွန်စက်တွေ၊ စိုက်ပျိုးရေးသုံး ခေတ်မီ စက်ပစ္စည်းတွေကို ဒေသခံတောင်သူလယ်သမားတွေ အခကြေးငွေမပေးရဘဲ သုံးစေဖို့ ထားရှိပေးတယ်။ ကိုယ်ပိုင် စိုက်ပျိုးရေးသုတေသန စင်တာထောင်တယ်။ 

သတ္တုတွင်းအင်ဂျင်နီယာဖြစ်လို့ ဒေသတွင်းမှာ မိုင်းလုပ်ကွက်တွေ ဖော်ဆောင်ပြီး သူ့ဒေသ လူနေမှုအဆင့်မြင့်တက်လာအောင် စီမံကိန်ုးများစွာကို စဝ်ကြာဆိုင်နဲ့ မဟာဒေဝီ စဝ်သုစန္ဒီတို့က ဦးဆောင် မြှင့်တင်ပေးခဲ့တယ်။ ဒါတွေကြောင့်ပဲ သူတို့ ဇနီးမောင်နှံဟာ သီပေါမှာသာမက ရှမ်းပြည် နယ်တစ်ခွင်လုံး လူတကာလေးစားချစ်မြတ်နိုးရတဲ့ ခေါင်းဆောင်တွေအဖြစ် သတ်မှတ်ခံခဲ့ရတာပေါ့။ အဲဒီအချိန် တုန်းက သီပေါပြည်သူပြည်သားတွေရဲ့ လူနေ့မှုအဆင့်အတန်းက ဒီနေ့လူနေမှုအဆင့်အတန်းထက် အများကြီး မြင့်မားပါတယ်။ ဒါတွေကို မြန်မာပြည်မှာ နေဝင်းအစပြုတဲ့ စစ်အာဏာရှင်တွေအဆက်ဆက်က စီမံခန့်ခွဲမှု အမှားတွေ၊ တစ်ကိုယ်ရေလောဘတွေနဲ့ ဖျက်ဆီးပစ်ခဲ့လို့ ဒီနေ့ သီပေါပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းသာ မက ရှမ်းပြည်သူပြည်သားတွေရဲ့ လူနေမှုအဆင့်အတန်းတွေက နိမ့်ကျလွန်းမက နိမ့်ကျနေခဲ့ရပြီဖြစ်ပါတယ်။ 

အဲဒီအချိန်က ဗမာပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သီပေါဟာ တစ်ဝက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့အနေအထားပါ။ ရှမ်းမင်းသား တစ်နည်းအားဖြင့် စော်ဘွားတွေဟာ ၁၉၅၉ ခုနှစ်မှာ သူတို့ရဲ့ အချုပ်အခြာအာဏာ စွန့်လွှတ်ပွဲကို တောင်ကြီးမှာ ခမ်းခမ်းနားနားကျင်းပ ပြုလုပ်ခဲ့ကြတယ်။ ဒါကြောင့် ရှမ်းပြည်နယ်ဆိုတဲ့ ပြည်နယ်ကြီးတစ်ခု ဖြစ် လာတယ်။ ဒါပေမဲ့ ရှမ်းမင်းသားစော်ဘွားအများစုကတော့ ဗမာ့နိုင်ငံရေးအခင်းအကျင်းမှာ ဆက်လက်ပါဝင်ခဲ့ကြ ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် အသွင်းပြောင်းမှုမှာ ရှမ်းစော်ဘွားအများစုက အမျိုးသား လွှတ်တော်၊ အထက်လွှတ်တော်တွေထဲကို ရောက်ရှိတာဝန်ထမ်းကြတယ်။ ၁၉၆၂ ခုနှစ်က နေဝင်း စစ်အာဏာ မသိမ်းမီအထိ စဝ်ကြာဆိုင်ဟာ အထက်လွှတ်တော်အမတ်အဖြစ်  တာဝန်ထမ်းခဲ့တယ်။ 

နေဝင်းစစ်အာဏာမသိမ်းမီ ၁၉၅၈ ခုနှစ်ကတည်းက  ရှမ်းပြည်မှာ လက်နက်ကိုင်တော်လှန်မှုတွေ စတင်ဖြစ်တည် လာတယ်။ အစောပိုင်း တော်လှန်မှုက ရှမ်းပြည်ကို လွတ်လပ်တဲ့ ကိုယ်ပိုင်ပြည်နယ်အဖြစ်ပေးဖို့ဆိုတဲ့ ရည်ရွယ် ချက်တွေနဲ့လက်နက်ကိုင်တော်လှန်ခဲ့ကြတာပါ။ 

ဒါကြောင့် သီပေါအပါအဝင် ရှမ်းပြည်တစ်ဝန်းက စစ်တိုက်ပြီး တော်လှန်မယ့်သူတွေကို တော်လှန်ရေးခေါင်းဆောင်တွေက စည်းရုံးစုဆောင်းကြတယ်။ အစောဆုံး တော်လှန်တဲ့ ခေါင်းဆောင်တစ်ယောက်ဟာ စဝ်ကြာဆိုင်နဲ့ ဒီအရေးဆွေးနွေးဖို့  လျှို့ဝှက်စွာနဲ့ ရန်ကုန်မြို့ကို ၁၉၆၁ ခုနှစ်မှာ ရောက်လာခဲ့တယ်လို့ သိရတယ်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူတွေနဲ့ တွေ့ဆုံစကားပြောဖို့ လာဖိတ်ခေါ် တာဖြစ်ပြီး စဝ်ကြာဆိုင်က လွှတ်တော်အမတ်အဖြစ် ကျမ်းကျိန်ထားမှုကို မဖောက်ဖျက်နိုင်ဘူးဆိုပြီး ငြင်းပယ် ခဲ့တယ်။ ဒါပေမဲ့လည်း နေဝင်းနဲ့ လက်ပါးစေတွေဟာ စဝ်ကြာဆိုင်နဲ့ ရှမ်းစော်ဘွားခေါင်းဆောင်တွေအပေါ် သံသယ မျက်လုံးနဲ့ပဲကြည့်တယ်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ နေဝင်းက စစ်အာဏာသိမ်းပြီးပြီးချင်း မြန်မာ နိုင်ငံရဲ့  ပထမဆုံးသမ္မတအဖြစ် ၁၉၄၈ ကနေ ၁၉၅၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရှမ်းစော်ဘွား စဝ်ရွှေသိုက်ကို အကျဉ်းချဖမ်းဆီးလိုက်တယ်။ ရန်ကုန်နေအိမ်မှာ ဝင်ဖမ်းတော့ စဝ်ရွှေသိုက်ရဲ့ ၁၇ နှစ်အရွယ် သားလေးကိုလည်း တစ်ခါတည်း အသေပစ်သတ်ခဲ့ကြတယ်။ အဲဒီနှစ် နိုဝင်ဘာလထဲမှာပဲ သမ္မတဟောင်း စဝ်ရွှေ သိုက် ထောင်ထဲမှာ ကံကုန်ခဲ့ပြီလို့ မိသားစုဝင်တွေက အတည်ပြုပြောဆိုခဲ့ကြပါတယ်။ 

သီပေါရဲ့နောက်ဆုံးစော်ဘွားလေး စဝ်ကြာဆိုင်ဟာ အာဏာမသိမ်းမီ တစ်ရက်အလိုကပဲ ရန်ကုန်မှာ လွှတ်တော် တက်ခဲ့ပါသေးတယ်။ လွှတ်တော်တက်ပြီးပြီးချင်း ညီမဖြစ်သူ အသည်းအသန်နာမကျန်းဖြစ်လို့ တောင်ကြီးကို သွားတယ်။ မတ် ၂ ရက်နေ့ အာဏာသိမ်းပြီး မနက်အစောကြီးမှာ တောင်ကြီးမှာနေထိုင်တဲ့သူ့ အိမ်ကို နေဝင်း ရဲ့ စစ်သားတွေအများအပြားရောက်လာပြီး လာဖမ်းတယ်။ ဒါပေမဲ့ စဝ်ကြာဆိုင်က သီပေါကိုသွားဖို့ လားရှိုးလေယာဉ် အမီဟဲဟိုးလေဆိပ်ကို ထွက်သွားပြီဖြစ်လို့ ဖမ်းမမိခဲ့ဘူး။ အာဏာသိမ်းတဲ့အခြေအနေတွေကိုလည်း စဝ်ကြာဆိုင် တစ်ယောက် ဘာမှ မသိသေးတဲ့အနေအထား။ ဒါကြောင့် စစ်သားတွေဟာ ဟဲဟိုးသွားတဲ့လမ်းမှာ စစ်ဆေးရေး ဂိတ်တွေချပြီးစဝ်ကြာဆိုင်ကို အရလိုက်ဖမ်းတယ်။ တောင်ကြီးမြို့ မြောက်ဘက် လောက်စောက ဗထူးစစ် သင်တန်းမြို့နားမှာ ကားမောင်းလာတဲ့ စဝ်ကြာဆိုင်ကို နေဝင်းလက်ကိုင်ထုတ်တွေက မိသားပြီး အဲဒီကတည်းက ဒီနေ့အထိ သူ့ကို ပြန်မမြင်ရတော့ပါဘူး။ နေဝင်းရဲ့ စစ်ထောက်လှမ်းရေးအဖွဲ့တွေက မျက်ကွယ်တရားစီရင်မှု အဖြစ် ကွပ်မျက်လိုက်ကြတာဖြစ်ရုံမှ တပါး အခြားမရှိနိုင်တော့ပြီ။ 

ဒါပေမဲ့ ထုံစံအတိုင်း အာဏာသိမ်းစစ်တပ်ဟာ စဝ်ကြာဆိုင်ကို ကွပ်မျက်တဲ့သတင်းကိုလည်း ထုတ်ပြန်ခြင်းမရှိ ဘူး။ မဟာဒေဝီ စဝ်သုစန္ဒီက ခင်ပွန်းပျောက်ဆုံးသွားခြင်းနဲ့ပတ်သက်လို့ အဲဒီအချိန်က မြန်မာနိုင်ငံရဲ့ ဩဇာ အရှိ ဆုံးသတင်းစာ မြန်မာအလင်းက အသိမိတ်ဆွေတစ်ဦးနဲ့ဆက်သွယ်ပြီး ဖြစ်ကြောင်းကုန်စင်ပြောပြတယ်။ ၁၉၆၂ မေ ၅ ရက်နေ့မှာ စဝ်ကြာသိုက် ပျောက်ဆုံးမှုအကြောင်း သတင်းစာကဖော်ပြခဲ့တော့ နေဝင်းနဲ့ နောက်လိုက်တွေ ဒေါသူပုန်ထခဲ့ကြတယ်။  ဒါကြောင့် အာဏာသိမ်းနေဝင်းစစ်တပ်က မြန်မာ့အလင်းသတင်းစာကို ၁၉၆၉ ခုနှစ်မှာ ပိတ်သိမ်းလိုက်တယ်။ ၁၉၉၃ မှာ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာအဖြစ် သူတို့မီဒီယာလက်ကိုင်ထုတ် သတင်း စာ ပြန်ထွက်လာတယ်။ 

မဟာဒေဝီ စဝ်သုစန္ဒီ ကို အမျက်ဒေါသထွက်တဲ့ နေဝင်းရဲ့ စစ်တပ်ဟာ သီပေါမှာပဲ နေအိမ်အကျယ်ချုပ်နဲ့ မင်းသမီး ကို စောင့်ကြည့်ထားရှိခဲ့တယ်။ ၁၉၆၄ ခုနှစ်မှာတော့ စဝ်သုစန္ဒီဟာ သမီးနှစ်ယောက်ကို ခေါ်ပြီး နေအိမ်အကျယ် ချုပ်ကနေလွတ်လို့ မြန်မာနိုင်ငံပြင်ပကို ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ပါတယ်။ မွေးရပ် ဩစတြီးယားကိုပြန် တယ်။ သူ့နိုင်ငံက ထိုင်းသံရုံးမှာ အလုပ်ရဖို့ ကြိုးစားတယ်။ သူ့ခင်ပွန်း စဝ်ကြာသိုက် စစ်အာဏာရူးတွေ လက်ထဲ ပျောက်ပျက်သွားရတဲ့အကြောင်းကို ကမ္ဘာသိစေဖို့ အစွမ်းကုန်ကြိုးစားတယ်။ 

ရှလော့စ်လူဒန်ရဲတိုက်ဟိုတယ်ကြီး မှာ နေဝင်နဲ့သွားတွေ့တဲ့ဖြစ်ရပ်ပြီး မကြာခင်လေးမှာပဲ သမီး ၂ယောက်ကို ခေါ်ပြီး စဝ်သုစန္ဒီဟာ အမေရိက ကို ထွက်သွားခဲ့တယ်။ အမေရိကမှာ နိုင်ငံသားခံယူလိုက်ကြတယ်။ အမေရိကန်နိုင်ငံသား သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ တက်ဒ်ဆားဂျန့်ဆိုသူနဲ့ လက်ထပ်လိုက်တယ်။ ဒါပေမဲ့ စဝ်သုစန္ဒီစိတ်ထဲမှာ ၁၉၆၂ ခုနှစ် အာဏာသိမ်းခြင်းနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ခင်ပွန်းနဲ့ပတ်သက်တဲ့မတရားမှုအပေါ် ဘယ်တော့မှ မမေ့ဘူး။ ဆံပင်ကို ရှမ်းမင်း သမီးတွေပုံစံအတိုင်းအမြဲစည်းနှောင်ပြီး မြန်မာစကား၊ ရှမ်းစကားကို တစ်ဘ၀လုံး လုံး၀မေ့လျှော့ခြင်းမရှိအောင် ပြောဆိုနေထိုင်သွားတယ်။ 

၁၉၈၈ မှာ မြန်မာနိုင်ငံမှာ နောက်ထပ် စစ်ရူးထမှုနဲ့စစ်အာဏာသိမ်းမှုထပ်ဖြစ်ပြန်တယ်။ ၁၉၆၄ ခုနှစ်ကတည်းက အရှေ့တောင်အာရှဒေသကို မရောက်တော့တဲ့ စဝ်သုစန္ဒီတစ်ယောက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို လာရောက်လည် ပတ်ပြီး မြန်မာပြည်အခြေအနေကို လေ့လာတယ်။ ချင်းမိုင်က ဟိုတယ်တစ်ခုမှာ သီပေါကနေ ထိုင်းတောင်ပိုင်းကို ထွက်ပြေးခိုလှုံလာရသူတွေနဲ့ တွေ့ဆုံတယ်။ သူမကို သီပေါကသာမက ရှမ်းပြည်နယ်သူပြည်နယ်သားအားလုံး ရဲ့ဒီနေ့အထိ ချစ်မြတ်နိုးမှုကို မြင်ရတော့ ဝမ်းသာဝမ်းနည်း ရောပြွမ်းခံစားရတာပေါ့။ ဒါကြောင့် ဒီလူတွေကို အမေရိကန်မှာ မင်းတို့အတွက် ငါဘာလုပ်ပေးနိုင်မလဲ။ ဘာလုပ်ပေးရမလဲလို့ ရင်ဖွင့်ကမ်းလှမ်းလိုက်တယ်။ လာတွေ့တဲ့ ရှမ်းတစ်ယောက်က မူးယစ်ဆေးဝါးကပ်ဆိုးနှိမ်နင်းကာကွယ်ရေးအတွက် အမေရိကန်အစိုးရက မြန်မာစစ်အာဏာရှင်ကို အထောက်အပံ့အကူအညီတွေပေးနေတဲ့အပေါ် ရပ်တန့်ဖို့ ပြောလိုကြောင်း၊ လက်ရှိ သူတို့ရှမ်းပြည်အနေအထားက ဘိန်းစိုက်တောင်သူတွေသာ ဆင်းရဲဒုက္ခများစွာ ခံစားနေရပြီး တကယ်တမ်း အကြီးစားဘိန်းထုတ်လုပ်မှောင်ခိုကူးနေသူတွေအပေါ်မှာ မြန်မာစစ်တပ်က အကာအကွယ်ပေးပြီး အကျိုးရှာ နေတာသာဖြစ်တယ်လို့ ရှင်းပြလာတယ်။ 

မြန်မာနိုင်ငံမှာ စစ်ဆိုရင် မုန်းတီးခံပြင်းလွန်းလှတဲ့ စဝ်သုစန္ဒီဟာ ရင်းနှီးတဲ့အမေရိကန်လွှတ်တော်အမတ် ဒန်နီရယ်ပက်ထရစ်မွိုင်နီဟန် (Daniel Patrick Moynihan,) နဲ့ ဒီအကြောင်းတွေ တိုင်ပင်တယ်။ မွိုင်နီဟန် ဟာ အိန္ဒိယက အမေရိကန်သံမှူးဖြစ်လို့ မြန်မာ့အရေး၊ အာရှအရေးကို စိတ်ပါဝင်စားတာနဲ့အမျှ စဝ်သုစန္ဒီ ကိုကူညီဖို့ အားထုတ်ခဲ့တယ်။ အမေရိကန်အစိုးရရဲ့ မြန်မာ စစ်အစိုးရအပေါ် အကူအညီပေးနေမှုတွေအပေါ် စုံစမ်းစစ်ဆေးဖို့နဲ့ စာရင်းစစ်ချုပ်ရုံးအထိပါ အခြေအနေတွေကို တင်ပြပြီးလွှတ်တော်မှာ အဆိုတင်သွင်းလိုက်တယ်။ 

အကျိုးဆက် အဖြစ် ၁၉၈၉ စက်တင်ဘာလမှာ အမေရိကန်အစိုးရက မြန်မာစစ်ကောင်စီကို ထောက်ပံ့တဲ့ ဥပဒေ Drug Control: Enforcement Efforts in Burma ကို ဖျက်သိမ်းရပ်ဆိုင်းကြောင်း အတည်ပြုကြေညာသွားတယ်။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရအဆက်ဆက်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအကြောင်းပြပြီး ဒီဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ မူးယစ်မှောင်ခိုသမားတွေနဲ့ ပူးပေါင်းပြီး အကျိုးရှာနေခဲ့လို့ ဒီနေ့အထိ ဘိန်းနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေက ကျဆင်းမသွားဘဲ အဆပေါင်းများစွာတောင် မြင့်တက်ထုတ်လုပ်နေကြပါပြီ။ 

မဟာဒေဝီ စဝ်သုစန္ဒီရဲ့ မြန်မာ့သမိုင်းအရေးပါမှုက ဒီလောက်ပဲမဟုတ်သေးဘူး။ မြန်မာနိုင်ငံ ရန်ကုန်နဲ့အခြား မြို့ကြီးတွေမှာ နိုင်ငံအနှံနီးပါး လူထုအုံကြွမှုဖြစ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်အပြီး နှစ်ရက်အကြာ ၁၉၈၈ ဩဂုတ် ၁၀ ရက်နေ့မှာပဲ စစ်ကောင်စီက ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တော့ စဝ်သုစန္ဒီရဲ့ ရောင်းရင်းကြီး မွိုင်နီဟန်ဟာ တခြားလွှတ်တော်အမတ် ငါးယောက်နဲ့  ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဖျက်သိမ်းဖို့ တောင်းဆိုမှုနဲ့အတူ အမေရိကန်တရားလွှတ်တော်က ဒီမိုကရေစီ လိုချင်တဲ့မြန်မာပြည်သူတွေနဲ့အတူရှိကြောင်း၊ မြန်မာ ဒီမိုကရေစီရေးပြောင်းလဲမှုကို တောင်းဆိုကြောင်း ထုတ်ပြန်နိုင်အောင် အစိုးရအဖွဲ့အတွင်း စည်းရုံးလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပေါ် ကမ္ဘာက ပထမဆုံးအကြိမ် ရှုတ်ချဆန့်ကျင်ကြောင်း အမေရိကန်ထုတ်ပြန်နိုင်ခဲ့တာက မဟာဒေဝီ စဝ်သုစန္ဒီကြောင့်လို့ သမိုင်းမော်ကွန်းတွင်ခဲ့တယ်။ ဒီနေ့အထိ အမေရိကန်ဟာ မြန်မာစစ်အာဏာရှင် တွေကို အစဉ်အဆက် ပိတ်ဆို့အရေးယူသမှုတွေ ဆက်တိုက်လုပ်နေခဲ့တာကလည်း မဟာဒေဝီကြောင့်လို့ ဆိုနိုင် ပါတယ်။ အမေရိကန်ရဲ့ မြန်မာနိုင်ငံပြည်သူတွေအပေါ်ထားတဲ့သဘောထားကို ဗီအိုအေ ရေဒီယိုကနေ မြန်မာ ပြည်သူတွေကြားသိတော့ ၈၈ အရေးအခင်းကာလမှာ ဝမ်းသာပျော်ရွှင် ကြုံးဝါးကြတယ်။ 

မဟာဒေဝီစဝ်သုစန္ဒီဟာ သူတတ်နိုင်တဲ့ဘက်ကနေ ရှမ်းပြည်သူတွေအတွက် အားကြိုးမာန်တက် ကူညီဖို့ ကြိုးစားတယ်။ လက်ရှိခင်ပွန်းသည်ကလည်း လိုအပ်တာမှန်သမျှ ထောက်ပံ့ကူညီပေးတယ်။ ထိုင်းနယ်စပ်မှာ မြန်မာဒုက္ခသည်တွေကို ကူညီဖို့ ဖောင်ဒေးရှင်းထူထောင်တယ်။  

၂၀၀၈ မှာ စဝ်သုစန္ဒီဖောင်ဒေးရှင်းဆု အဖြစ် ရှမ်းပြည်နယ်အကျိုးသယ်ပိုးတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဆုပေးအပ်ချီးမြှင့်တယ်။ ရှမ်းအမျိုးသမီးအက်ရှင်ကွန်ရက် ( Shan Women’s Action Network (SWAN)) က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ၂၄ နှစ်သား ကျောက်မီးသွေးလုပ် ကွက် ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူ စိုင်းအမ် (Sai Awn) ကို ဆုပေးခဲ့တယ်။ စိုင်းအမ်က ကျောက်မီးသွေး လုပ်ကွက်ကြောင့် ယာခင်၊ တောင်ယာပျက်ဆီးဆုံးရှုံးရတဲ့ဒေသခံတွေအတွက် လျှော်ကြေးရရေး ဦးဆောင် ကြိုးပမ်းခဲ့သူပါ။ အဆုပ်ကင်ဆာနဲ့ကွယ်လွန်သွားချိန်မှာ ရှမ်းပြည်ရဲ့ မမေ့လျှော့သင့်တဲ့ လူတော်လူကောင်း တစ်ယောက်လို့ စဝ်သုစန္ဒီက ဆိုတယ်။

မဟာဒေဝီစဝ်သုစန္ဒီဟာ ဗမာ့ဆည်းဆာ : ရှမ်းမင်းသမီး ကျွန်မဘ၀ (Twilight Over Burma: My Life as a Shan Princess) ဆိုတဲ့ စာအုပ်ကို ၁၉၉၄ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တယ်။ နောက်မကြာခင် Twilight Over Burma ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ထွက်လာနိုင်တယ်။ မဟာဒေဝီစဝ်သုစန္ဒီနေရာမှာ ဂျာမနီမင်းသမီး မာရီယာအီရစ်ချ်၊ စဝ်ကြာဆိုင်အဖြစ် ထိုင်းသရုပ်ဆောင် ချူလာဆာပရာ ကသရုပ်ဆောင်ပြီး စစ်မိစ္ဆာ အာဏာရူးနေဝင်းအဖြစ် ထိုင်း သရုပ်ဆောင် ဘိုသနာကစ်က သရုပ်ဆောင်ခဲ့ပါတယ်။ ဗမာပြည်မှာ ဒီရုပ်ရှင်ကို စစ်အာဏာရှင်တွေက ပိတ်ပင်ခဲ့ ပေမယ့် ခိုးကူး၊ ဒီဗွီဒီခေတ်မှာ မှောင်ခိုစျေးကွက်ကနေ ပြည်သူတွေ ခိုးကြည့်သိရှိခဲ့တဲ့ မြန်မာ့ရာဇဝင် ဖြစ်ရပ်မှန် ဇာတ်ကားကောင်းဖြစ်ခဲ့ပါတယ်။ 

၂၀၂၃ ဖေဖော်ဝါရီ ၅ ရက်နေ့မှာတော့ မဟာဒေဝီစဝ်သုစန္ဒီတစ်ယောက် ကော်လိုရာဒိုပြည်နယ် ဘိုးလ်ဒါးအရပ် နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပါပြီ။ သူမကို ၁၉၃၂ ခုနှစ်က ဩစတြီးယားနိုင်ငံ ကတ္တနန်မြို့မှာ မွေးဖွားခဲ့တယ်။ လာမယ့် ဖေဖော်ဝါရီ ၂၃ ရက်နေ့ဆိုရင် အသက် ၉၁ နှစ်တင်းတင်းပြည့်မှာပါ။ ခင်ပွန်းဖြစ်သူ အန္တာတိက ကျွမ်းကျင်သိပ္ပပညာရှင် တက်ဒ်ဟာလည်း ရှေ့တစ်နှစ်က စောပြီး ဆုံးပါးသွားခဲ့တယ်။ မဟာဒေဝီစဝ်သုစန္ဒီ ကွယ်လွန်ပြီး နှစ်ရက်အကြာမှာ SWAN  အဖွဲ့အစည်းကြီးက ဝမ်းနည်းသဝဏ်လွှာ ထုတ်ပြန်တယ်။ “သူမဟာ ဘ၀ပေါင်းများစွာကို အဓိပ္ပါယ်ပြည့်၀တဲ့နည်းလမ်းတွေနဲ့ ထိတွေ့ပြီး အကျိုးပြုခဲ့သူပါ။ 

ဒါကြောင့် သူ့အမွေအနှစ် တွေဟာ မေ့ဖျောက်လို့မရစကောင်းတဲ့အရာတွေပါ။ အထူးသဖြင့် ရှမ်းလူမှုအသိုင်းအဝိုင်းမှာပေါ့” တဲ့။ လွန်ခဲ့တဲ့ နှစ်‌ပေါင်း ၆၀ လောက်ကတည်းက ဒိန်းမတ် စာရေးဆရာ Aage Krarup-Nielsen က သီပေါပြည်သူအားလုံး မဟာဒေဝီ စဝ်သုစန္ဒီကို သူတို့ကိုယ်ပိုင် မင်းသမီးအဖြစ် သတ်မှတ်ပြီး ချစ်မြတ်နိုးတန်ဖိုးထားကြတယ်လို့ ရေးသား ခဲ့တယ်။ အခု ဆုံးပါးသွားခဲ့ပြီဖြစ်ပမယ့် ရှမ်းပြည်သူပြည်သားတွေနဲ့ မြန်မာပြည်သူအားလုံး  မင်းသမီးကို ဆက်ပြီး မမေ့မလျော့အောက်မေ့ကြရပါဦးမယ်။ 

(ဘာတေးလစ်တနာ၏ ဧရာဝတီ – အင်္ဂလိပ်ပိုင်းမှဆောင်းပါးကို MKF – 001 ဘာသာပြန်ဆိုသည်)

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဆီဆိုင်တိုက်ပွဲနဲ့ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေးအရွေ့

စစ်အာဏာရှင်တော်လှန်ရေး အရှိန်အဟုန်မြင့် အားကောင်းလာတာနဲ့အမျှ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး မျှော်မှန်းချက်တွေဟာလည်း အားကောင်းလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

CCP ညံ့ဖျင်းမှုနဲ့ အိမ်ခြံမြေလုပ်ငန်း ကပ်ဆိုက်မှုက တရုတ်စီးပွားရေးကျဆင်းမှုကို ပိုနာတာရှည်စေမယ်

တရုတ် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ကပ်ဆိုက်နေမှုဟာ အခုအထိ ထိန်းချုပ်နိုင်မှုမရှိတဲ့ အနေအထားမှာ ဆက်ရှိနေတုန်းပါပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Tiktok ရဲ့ ခြိမ်းခြောက်မှု – တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို နှောင့်ယှက်နေတဲ့ တရုတ်နည်းပညာရည်မှန်းချက်

မကြာသေးခင်ကပဲ အမေရိကန်အောက်လွှတ်တော်က Tiktok ကို အမေရိကန် ကော်ပိုရေးရှင်းတစ်ခုဆီ ရောင်း ချရင်ရောင်း၊ မရောင်းရင် အမေရိကန်တစ်နိုင်ငံလုံးမှာ အသုံးပြုခွင့်ပိတ်ပင်ဖို့ အတည်ပြုလို့ အထက်လွှတ်တော် ကို အဆိုတင်သွင်းလိုက်တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The CCP’s feeble property crisis response prolongs economic pain

As China's property sector crisis continues to spiral out of control, the Chinese Communist Party's (CCP) response has been woefully

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The TIKTOK Threat: China’s tech ambitions imperil security Worldwide

The recent decision by the U.S. House of Representatives to pass legislation requiring TikTok to be sold to an American

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်နိုင်ငံရေးနဲ့ နည်းပညာပိုင်းခေါင်းဆောင်တွေကို တုန်လှုပ်စေတဲ့ စာသားကနေ ရုပ်ရှင်ပြောင်း AI နည်းပညာ Sora

Chat GPT ကို ထုတ်လုပ်ဖန်တီးခဲ့တဲ့ အမေရိကန်အခြေစိုက် ဉာဏ်ရည်တု Artificial Intelligence (AI) ဆိုင်ရာ နည်းပညာကုမ္ပဏီကြီး Open AI က နောက်ဆုံးဖန်တီးထုတ်လုပ်လိုက်တဲ့ စာသားကနေ အလိုအလျှောက် ရုပ်ရှင်ဖန်တီးတဲ့ Sora AI

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now