ဆောင်းပါး

ဘာသာရေးကိုးကွယ်ယုံကြည်မှုအပေါ် အမြတ်ထုတ်နေဆဲ စစ်ကောင်စီ

မဲခေါင် 8 Mar - 2023
မီ စစ်တပ် အာဏာသိမ်းမှုကြောင့် အရပ်သား ၃၀၀၀ ခန့် သေဆုံးခဲ့ရပြီး နိုင်ငံအနှံ့ရှိ ရွာများနှင့် ဘာသာရေးဝတ်ပြုရာအဆောက်အဦများ ဖျက်ဆီးခံခဲ့ရသည်။

မီ

စစ်တပ် အာဏာသိမ်းမှုကြောင့် အရပ်သား ၃၀၀၀ ခန့် သေဆုံးခဲ့ရပြီး နိုင်ငံအနှံ့ရှိ ရွာများနှင့် ဘာသာရေးဝတ်ပြုရာအဆောက်အဦများ ဖျက်ဆီးခံခဲ့ရသည်။

တပ်မတော်နှင့် နိုင်ငံတော် အုပ်ချုပ်မှု ကောင်စီ (SAC) ဟု ကိုယ့်ကိုကိုယ်နာမည်ပေးထားသည့် မြန်မာစစ်တပ်သည် သဘောထားကွဲလွဲမှုများကို ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများလည်း အထူးပစ်မှတ်ထားခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီး ၂ နှစ်ကြာလာချိန် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှု၊ ဘာသာရေးလွတ်လပ်ခွင့်နှင့် လူအခွင့်အရေးချိုးဖောက်နေမှုများအတွက် တရားမျှတသည့် စီရင်မှု မတွေ့ရှိသေးဆိုသည့်အချက်ကို ဦးတည်ပြီး အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် USCIRF က အာဏာသိမ်းမှု ၂ နှစ် ပြည့်တွင် ထောက်ပြခဲ့သည်။

အထူးသဖြင့် မြန်မာစစ်တပ်ခေါင်းဆောင်များ၏ ဘာသာရေးလွတ်လပ်ခွင့်ကို ပြင်းထန်စွာ ချိုးဖောက်မှုအတွက် အရေးယူမှုများအပါအဝင် လုပ်နိုင်စွမ်းအားလုံးဖြင့် စစ်တပ်နှင့် မြန်မာအာဏာပိုင်များကို တာဝန်ခံနိုင်စေရန် နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို ဘိုင်ဒင်အစိုးရက ပိုမိုတက်ကြွစွာ ထောက်ခံအားပေးရန် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် USCIRF က တိုက်တွန်းထားခြင်းဖြစ်သည်။

အာဏာသိမ်းမှု ၂ နှစ် ကာလအတွင်း စစ်ကောင်စီခေါင်းဆောင်သည် နိုင်ငံအနှံ့သွားရောက်ပြီး ဘုရားဒကာကြီး အမည်ခံကာ တစ်ချိန်က လူထုထောက်ခံမှု အားကောင်းခဲ့သည့် အထင်ကရ ဘုန်းကြီးများနှင့်ပူးပေါင်းကာ ဘုရားတည် ကျောင်းဆောက်ပြီး သာသနာပြန့်ပွားရေးကို ကျယ်ကျယ်ပြန့်ပြန့်လုပ်‌ဆောင်ပြနေသည်။

တစ်ဖက်တွင်မူ စစ်ကောင်စီကို မထောက်ခံသူများနှင့် ဒီမိုကရေစီတော်လှန်ရေးအတွက် တိုက်ပွဲဝင်နေသူများကို ရက်ရက်စက်စက်နှိမ်နှင်းနေပြီး ဘုရားကျောင်းကန်တွေ၊ သာသနာနိက အဆောက်အအအုံတွေနဲ့ အထင်ကရ ဘာသာရေးအဆောက်အအုံများစွာ မီးရှို့ဖျက်ဆီးခံနေရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးကတည်းက လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ချိုးဖောက်ခံရသည့် အခြေအနေအပေါ် International Commission of Jurists(ICJ) ၏ ရှင်းလင်းချက်စာတမ်းတွင် ဖော်ပြချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မှ ၂၀၂၂ ခုနှစ် မေလအတွင်း ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ရှမ်း နှင့် မွန်ပြည်နယ် အပါအဝင် ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ တနသ်ာရီ၊ ရန်ကုန် တို့တွင် ဘာသာရေး သို့မဟုတ် အထွတ်အမြတ်ထားရာ နေရာ (၉၂) ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဆိုသည်။

အဆိုပါနေရာများတွင် ခရစ်ယာန်ဘာသာရေး အဆောက်အအုံ ၅၅ လုံး၊ အစ္စလာမ့်ဘာသာရေးနေရာ ၅ ခု၊ စေတီပုထိုးများနှင့် ဓမ္မခန်းမများ အပါအဝင် ဗုဒ္ဓဘာသာ သာသနာရေး အဆောက်အအုံ ၃၂ လုံး စစ်ကောင်စီ၏ ဖျက်ဆီးမှု ခံခဲ့ရသည်။

စစ်ခေါင်းဆောင်များ၏ ဘာသာရေးအပေါ် အထူးကိုင်းရှိုင်းပြပြီး ရှေ့နောက်မညီကွဲလွဲနေသည့်လုပ်ရပ်များနှင့် ပကတိအခြေအနေအပေါ်ကို တပ်မတော်သားအဖြစ် နှစ် ၂၀ တာဝန်ထမ်းဆောင်လာပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှ CDM လုပ်ဆောင်လာသည့် ဗိုလ်ကြီးနတ်သားက စစ်တပ်အတွင်း ကျင့်ကြံသည့် ပုံစံများနှင့် နှိုင်းယှဉ်ကာ သဘောထား မှတ်ချက်ပေးသည်။

“စစ်တပ်က လောကကြီးကိုမြင်တဲ့ စစ်သားတစ်ယောက်ရဲ့ အမြင်က စစ်သားတစ်ယောက်က စစ်တိုက်ပြီဆိုတဲ့အချိန်မှာ နိုင်ဖို့ပဲစဥ်းစားတယ်။ တိုက်ပွဲတခုကိုတိုက်ရင် ကိုယ့်မျက်နှာချင်းဆိုင်က ရန်သူပဲ အကုန်ပစ်မှာ။ ဘုန်းကြီးလာလာ ဘာလာလာ အကုန်ပစ်မှာ၊ စစ်သားလို စဥ်းစားတာ အနိုင်ယူဖို့ပဲစဥ်းစားတယ်” ဟု သူက ဆိုသည်။

စစ်တပ်က ကိုးကွယ်ယုံကြည်မှုအရ ဗုဒ္ဓဘာသာဦးရေ များပြားသည့် တိုင်းပြည်တွင် ဗုဒ္ဓဘာသာကို အကြောင်းပြပြီး အာဏာတည်မြဲဖို့ ကြိုးစားနေသည်။ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး ဆိုသည့် ဆောင်ပုဒ်သည် စစ်တပ်နှင့် စစ်တပ် လက်ဝေခံ လူတစ်စု အာဏာတည်မြဲရေးအတွက် လက်ကိုင်စွဲထားသည့် အကြောင်းပြချက်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူတွေက ထောက်ပြသည်။

မြန်မာနိုင်ငံတစ်ဝန်း စစ်တပ်အာဏာသိမ်းမှုကို မလိုလားသည့်အတွက် တော်လှန်နေချိန်တွင် စစ်တပ်ခေါင်းဆောင်များက ဘာသာရေးအကြောင်းပြပြီး ပြည်နယ်နှင့်တိုင်းအချို့တွင် တော်လှန်ရေးအသံ ငြိမ်သက်အောင် ထိန်းထားသည်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားကြီး အဖွဲ့များ အားကောင်းသည့် ရှမ်းပြည်နယ်တွင်လည်း တော်လှန်ရေးအသံများ ငြိမ်သက်နေရခြင်းမှာ အဆိုပါအချက်က အကြောင်းတရားတခုအနေဖြင့် ပါဝင်နေသည်။

ရှမ်းပြည်နယ်တွင် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှု ဦးရေ ပိုမိုများပြားပြီး အဆက်ဆက် ယဥ်ကျေးမှုနှင့် ဘာသာရေးအပေါ် အထူး ယုံကြည်ကြသူများဖြစ်သည်။

၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအချက်အလက်အရ နိုင်ငံ့လူဦးရေ ၅၁ သန်းကျော်တွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ ၈၉.၉ ရာခိုင်နှုန်း ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆.၃ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၂.၃ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာကိုးကွယ်သူ ၀.၅ ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ ၀.၈ ရာခိုင်နှုန်း၊ အခြားဘာသာ ကိုးကွယ်သူ ၀.၂ ရာခိုင်နှုန်းနဲ့ မည်သည့်ဘာသာမှမကိုးကွယ်သူ ၀.၁ ရာခိုင်နှုန်း ဟု ပြထားသည်။

ရှမ်းပြည်နယ်ရဲ့ ကိုးကွယ်ယုံကြည်မှုစာရင်းမှာ ရှမ်းပြည်နယ် လူဦးရေ ၅ သန်းကျော်တွင် ၄.၇ သန်းကျော် ရာခိုင်နှုန်းအားဖြင့် ၈၁.၇ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကိုးကွယ်သူများ ဖြစ်ကြသည်။ ခရစ်ယာန် ကိုးကွယ်သူ ၉.၈ ရာခိုင်နှုန်း၊ အစ္စလာမ် ကိုးကွယ်သူ ၁.၀ ရာခိုင်နှုန်း၊ ဟိန္ဒူ ကိုးကွယ်သူ ၀.၁ ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ ၆.၆ ရာခိုင်နှုန်း နှင့် အခြားဘာသာ ကိုးကွယ်သူ ၀.၅ ရာခိုင်နှုန်းအပြင် ဘာသာမဲ့ ၀.၄ ရာခိုင်နှုန်း ဖြစ်သည်။

ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှုအားကောင်းသည့် ရှမ်းပြည်နယ်တွင် ဝစီပိတ်ဆရာတော်၊ နဂါး နှစ်ကောင် ဆရာတော်၊ မိုင်းနင်း ဆရာတော် ၊ မိုင်းဖုန်းဆရာတော်စသည့် ဆရာတော်များသည် ရှမ်းပြည်နယ်လူထုရဲ့ ယုံကြည်ကိုးစားမှု အားကောင်းသည့် ဆရာတော်ကြီးများဖြစ်သည်။

ဝစီပိတ်ဆရာတော်၊ နဂါး နှစ်ကောင် ဆရာတော်၊ မိုင်းလင်းဆရာတော်(ပျံလွန်တော်မှု)နှင့် မိုင်းဖုန်းဆရာတော်ကြီးများသည် ရှမ်းပြည်နယ်အရှေ့ပိုင်းသာမက ရှမ်းပြည်နယ်လူထု၏ လေးစားကိုးကွယ်မှုကို ရရှိထားသည့် ဆရာတော်ကြီးများဖြစ်သည်။

ယခင်ကတည်းက ပတ်သက်ထိတွေ့မှုများရှိသော်လည်း ဝစီပိတ်ဆရာတော် နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစုရဲ့ ဆက်ဆံရေးသည် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုသိသာထင်ရှားလာသည်။

ရှမ်းပြည်နယ်အရှေ့ ပိုင်းလူထုအပေါ် ဝစီပိတ်ဆရာတော်၏ သြဇာသက်ရောက်မှုမှာ အားကောင်းသည်။ ဝစီပိတ်ဆရာတော်မှ တဆင့်ဆက်နွယ်မှုအရ ရှမ်းပြည်နယ်အတွင်းရှိ အထင်ကရ ဆရာတော်ကြီးများအပါအဝင် ဒေသတွင်းလူမျိုးခေါင်းဆောင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများအပေါ် သြဇာသက်ရောက်မှုရှိကြောင်း ဗိုလ်နတ်သားက ပြောသည်။

“ရှမ်းပြည်တပြည်လုံးပဲ စစ်တပ်က ဘာသာရေးနဲ့ထိန်းချုပ်ထားတယ်။ ကျိုင်းတုံဆိုရင် ဝစီပိတ်ဆရာတော်ရှိတယ်။ ကျိုင်းတုံမြို့ရဲ့ တဝက်ကျော်ကျော်လောက်က ဝစီပိတ် တပည့်တွေ၊ ဒကာတွေချည်းပဲ။ သူထောင်ပေးထားတဲ့ လုပ်ငန်းတွေ အများကြီးရှိတယ်။ ‘ဝ’ ဘက်မှာ ဆိုတာလည်း ဝစီပိတ်ကို တော်တော်ယုံတယ်” ဟု သူကပြောသည်။

ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှု အားကောင်းသည့် ဒေသများတွင် လူထုယုံကြည်ကိုးစားသည့် ဆရာတော်ကြီးများက “ဆရာဒကာစီမံချက်”ဖြင့် အဆင့်ဆင့်ထိန်းချုပ်ထားသည်။ ဆရာဒကာ စီမံချက် အောင်မြင်စေ စစ်တိုင်းတွင်ရှိသည့် ပြည်သူ့စစ်ဌာနက အကောင်အထည်ဖော်ပြီး ယင်းနောက်တွင် ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့များ၊ ပျူစောထီးများ ပါလာသည်။ အဆိုပါအခြေအနေများအားလုံးသည် စစ်တပ်၏ ပြည်သူ့စစ်မဟာဗျူဟာအောက်မှ သွားနေခြင်းဖြစ်ကြောင်း စစ်တပ်အသိုင်းအဝိုင်းက ဆိုသည်။

ရှမ်းပြည်နယ်ဖြစ်စဥ်များကို ကြည့်ပါက စစ်တပ်က ဘာသာရေးကို အသုံးချပြီး လူထုကို ထိန်းချုပ်နေဆဲဆိုသည့် အခြေအနေ ပေါ်လွင်စေပြီး အလားတူပင် စစ်တပ်က ဘာသာရေးဖြင့် ထိန်းချုပ်ရန်လွယ်ကူသည့် တချို့ တိုင်း နှင့် ပြည်နယ်များတွင်ပါ အဆိုပါ ပုံစံအတိုင်း ကျင့်သုံးနေဆဲ ဖြစ်သည်။

စစ်တပ်သည် လူထုကို ဘာသာရေးဖြင့် အသုံးချထိန်းချုပ်ရန်ကြိုးစားနေသည့်အတွက် တစ်ဖက်တွင် တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ကျူးလွန်နေသည့် အဓိက အကျဆုံး တာဝန်ရှိသူဖြစ်လာကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ပြသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ – မိုင်းခတ်လမ်း၊ လွယ်မီးတောင်အနီးရှိ ဟွေမဲအာခါ(အောက်ရွာ)နှင့် ဟွေမဲ အပေါ်ရွာတို့တွင် နေထိုင်သည့်တိုင်းရင်းများမှာ နှစ်ခြင်းခရစ်ယာန်ဘာသာကို တစ်ရွာလုံး သက်ဝင်ယုံကြည်သူများ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဗုဒ္ဓဘာသာကိုးကွယ်သူမရှိသည့် ဟွေမဲအာခါ(အောက်ရွာ)ရှိ သဘာာဝကန်တစ်ခုရှေ့တွင် နတ်စင်ထိုး ပူဇော်မှုပြုလုပ်ခဲ့သည်ကို ရွာရှိ နှစ်ခြင်းဆရာက ဖယ်ရှားခြင်းကို အကြောင်းပြုပြီး မိုးခတ် မြို့နယ်အဆင့်တာဝန်ရှိသူများက နှစ်ခြင်းဓမ္မဆရာကို နှင်ထုတ်ခဲ့သည်။ လက်ရှိအချိန်အထိ ဟွေမဲအောက်ရွာတွင် နှစ်ခြင်းဆရာမရှိဘူးသေးကြောင်း ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တစ်ဦးက ဆိုသည်။

“အာခါရွာတစ်ချို့ကို ရှမ်းရွာတွေက နယ်မြေချဲ့ပြီး ရှမ်းဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို အားကိုးပြီး အမှုဖြစ်နေတဲ့ကိစ္စတွေလည်း လက်ရှိအချိန်အထိ ကြုံတွေ့နေရဆဲဖြစ်တယ်။ အဲ့ဗုဒ္ဓဘာသာ ဘုန်းကြီးကလည်း အထက်က အကြီးအကဲတွေနဲ့ပေါင်းပြီး ဘာသာရေးကို အလွဲသုံးစားလုပ်ပြီးတော့ မလုပ်သင့်ဘူးဆိုတဲ့ အမြင်တော့ရှိပါတယ်။ ရှမ်းတွေပိုင်တဲ့ မြေက အများကြီးပါ။ အာခါတွေပိုင်တဲ့ မြေနည်းနည်းလေးကို ရှမ်းတွေက ရှမ်းဗုဒ္ဓဘာသာဘုန်းကြီးကို အားကိုးပြီးလုပ်နေတာကတော့ တကယ့်လက်တွေ့ပါ” ဟုသူက ဆိုသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် USCIRF ၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာများအရ မြန်မာစစ်တပ်ဟာ တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် အဓိကအကျဆုံးဖြစ်ကြောင်း ထောက်ပြထားသည်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေသည့် ဘာသာရေးလူနည်းစုတွေအပေါ် ဖိနှိပ်မှုများသည် စစ်တပ်က ဗုဒ္ဓဘာသာကို လက်နက် တစ်ခုအဖြစ် အသုံးချခဲ့ခြင်းကြောင့် ဖြစ်ကြောင်း အမေရိကန်အစိုးရ၏ ငြိမ်းချမ်းရေးဌာန USIP က အကြီးတန်း အကြံပေး မစ္စပရက်ဆီလာ ကလပ်က RFA သတင်းတစ်ရပ်တွင် ပြောသည်။

“စစ်တပ်ဟာ ဗုဒ္ဓဘာသာကို လက်နက်တစ်ခုအဖြစ် အသုံးချနေတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင်လည်း ထိခိုက်ခံနေရပါတယ်။ စစ်ခေါင်းဆောင်တွေဟာ ခရစ်ယာန်နဲ့အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံခြားလွှမ်းမိုးမှုပါတဲ့ ဘာသာရေးယုံကြည်မှုတွေ ဖြစ်တဲ့အတွက် ဖိနှိပ်ထားဖို့ လိုတယ်လို့ ယုံကြည်ကြပါတယ်။ စစ်ခေါင်းဆောင်တွေဟာ အစွန်းရောက် ဗမာဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကို ပျံ့နှံ့အောင် ဝါဒဖြန့်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးလက်အောက်မှာ အချိန်ကြာလာတာနဲ့အမျှ ဒီအစွန်းရောက်ဝါဒကို အမှန်တကယ် ယုံကြည်တဲ့ လူနည်းစုလူတန်းစား တစ်ရပ်ပေါ်ထွက်လာပါတယ်” ဟု ဆိုထားသည်။

အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခများနှင့် တိုက်ပွဲဖြစ်စဥ်များအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ပြည်တွင်းစစ်ပြေးဒုက္ခသည် ၂သန်း ထက်မနည်းရှိပြီး စစ်ပြေးဒုက္ခသည်များ တိမ်းရှောင်နေသည့် နေရာများတွင်ပင် နေအိမ်၊ အဆောက်အအုံများ မီးရှို့ခံနေရဆဲဖြစ်သည်။ မြို့နယ် ၉၃ ထက်မနည်း နေအိမ်၊ အဆောက်အအုံ၊ ဘာသာရေးအဆောက်အအုံ များအပါအဝင် ၆ သောင်း ဝန်းကျင်ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ISP Myanmar က ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

စစ်တပ်ဟာ ဗမာဗုဒ္ဓဘာသာအမျိုးသားရေးဝါဒကို အခြေခံသည့် အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်သူဖြစ်ကြောင်း ဝါဒဖြန့်နေသော်လည်း အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ပြည်သူလူထုများဘက်မှ ရပ်တည်သည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး အများစုကိုပါ သတ်ဖြတ်မှုများ ကျူးလွန်နေသည်။

စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခံရသည့်အထဲတွင် ဒါဇင်နှင့်ချီသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများလည်း ပါဝင်နေပြီး စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းက ဘုန်းတော်ကြီးကျောင်းများ အပါအဝင် ဘာသာရေးအဆောက်အဦးတွေ ရာနှင့်ချီ ဖျက်ဆီးခံခဲ့ရသည်။

“စစ်တပ်မှာရှိတဲ့ ဘာသာရေးယုံကြည်မှုဆိုတာ ဘုရား ကိုယုံကြည်တာလည်းမဟုတ်ဘူး၊တရားကို ယုံကြည်တာလည်းမဟုတ်ဘူး။ စစ်ပွဲနိုင်ဖို့အတွက်ကို စိတ်ပိုင်းဆိုင်ရာ မြှင့်တင်တာပဲ ဆိုက်ဝါးပဲ” ဟု စစ်တပ်တွင် နှစ် ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ကြီးနတ်သားက ပြောသည်။

သူက ဆက်လက်ပြီး “စိတ်ဓာတ်စစ်ဆင်ရေးလက်နက်တခုအနေနဲ့ပဲ အသုံးချတာ။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ဗမာလူမျိုးက ပညာရေးနိမ့်တယ်၊ တောသူတောင်သားဆို ပိုဆိုးတယ်။ ပညာရေးနိမ့်ပါးတဲ့သူတွေကို ယုံကြည်မှုအလွယ်တကူ တည်ဆောက်လို့ရတာ ဘာသာရေးပဲ။ ပညာတတ်တယောက်ကို ဘာသာရေးနဲ့ ခုတုံးလုပ်ပြီး မချယ်လှယ်နိုင်ဘူး” ဟု ဆိုသည်။

ယနေ့ဖြစ်ပွားနေသည့် ပဋိပက္ခများတွင် ဗုဒ္ဓဘာသာဝင်အများစု အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်သူ အားလုံး ပစ်မှတ်ထား ခံလာရတဲ့ပုံစံ ဖြစ်လာသည်။ အာဏာသိမ်းစစ်တပ်မှာ တဖက်တွင် ဗုဒ္ဓဘာသာကို ဗန်းပြကာ လူထုထောက်ခံမှုရရှိရန် ကြိုးစားနေသော်လည်း တဖက်တွင် ၎င်းတို့ကို ဆန့်ကျင်ပါက မည်သည့်ဘာသာဝင်၊ မည်သည့်လူမျိုးမဆို ရက်စက်ပြင်းထန်စွာ နှိမ်နင်းနေသည်ကို ဗုဒ္ဓဘာသာအများစုရှိသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မီးရှို့ခံရသည့် ကျေးရွာများနှင့် ဘုန်ကြီးကျောင်းများက သက်သေခံနေသည်။ စစ်ကောင်စီကို ဆန့်ကျင်သည့် လူနည်းစုတိုင်းရင်းသားများရှိသည့် ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ နှင့် ရခိုင်ပြည်နယ်များတွက်လည်း စစ်တပ်က ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေပြီး လူနည်းစုတို့ကိုးကွယ်ရာ ဘာသာရေးအဆောက်အဦများကိုပါ တိုက်ခိုက်နေသည်ဖြစ်ရာ အာဏာသိမ်းမြန်မာစစ်တပ်သည် ဗုဒ္ဓဘာသာကိုသာမက မည်သည့်ဘာသာတရား ကိုးကွယ်ယုံကြည်မှုကိုမဆို ၎င်းတို့အကျိုးအမြတ်နှင့် အာဏာတည်မြဲရေးအတွက်သာ အမြတ်ထုတ် သုံးစွဲနေခြင်းဖြစ်ကြောင်း ပေါ်လွင်စေသည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဆီဆိုင်တိုက်ပွဲနဲ့ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေးအရွေ့

စစ်အာဏာရှင်တော်လှန်ရေး အရှိန်အဟုန်မြင့် အားကောင်းလာတာနဲ့အမျှ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး မျှော်မှန်းချက်တွေဟာလည်း အားကောင်းလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

CCP ညံ့ဖျင်းမှုနဲ့ အိမ်ခြံမြေလုပ်ငန်း ကပ်ဆိုက်မှုက တရုတ်စီးပွားရေးကျဆင်းမှုကို ပိုနာတာရှည်စေမယ်

တရုတ် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ကပ်ဆိုက်နေမှုဟာ အခုအထိ ထိန်းချုပ်နိုင်မှုမရှိတဲ့ အနေအထားမှာ ဆက်ရှိနေတုန်းပါပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Tiktok ရဲ့ ခြိမ်းခြောက်မှု – တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို နှောင့်ယှက်နေတဲ့ တရုတ်နည်းပညာရည်မှန်းချက်

မကြာသေးခင်ကပဲ အမေရိကန်အောက်လွှတ်တော်က Tiktok ကို အမေရိကန် ကော်ပိုရေးရှင်းတစ်ခုဆီ ရောင်း ချရင်ရောင်း၊ မရောင်းရင် အမေရိကန်တစ်နိုင်ငံလုံးမှာ အသုံးပြုခွင့်ပိတ်ပင်ဖို့ အတည်ပြုလို့ အထက်လွှတ်တော် ကို အဆိုတင်သွင်းလိုက်တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The CCP’s feeble property crisis response prolongs economic pain

As China's property sector crisis continues to spiral out of control, the Chinese Communist Party's (CCP) response has been woefully

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now